ရော်နယ်ဒို၊ရမ်ဆေးတို့လို ထိပ်တန်းကစားသမားအများစုရဲ့ မြင့်မားတဲ့လစာငွေတွေအပါအဝင် ဒီကာလမှာ ယူရို သန်း ၉၀အထိ သက်သာသွားပါပြီ။
ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာပေါ်က အားကစားပြိုင်ပွဲတွေ အားလုံး လိုလို ရပ်နားထားရတဲ့ အခြေအနေမှာရှိပါတယ်။
ဒီအချိန်မှာတော့ ဝင်ငွေပေါင်းများစွာ ထိခိုက်နစ်နစ်နေတဲ့ ဥရောပ ထိပ်တန်းကလပ်အသင်းကြီးတွေကို သူတို့ရဲ့ ကစားသမားတွေက တစ်ဖက်တစ်လမ်းကနေ လစာလျော့ယူပြီး ပြန်လည်ကူညီမှုတွေ ရှိနေပါတယ်။
ဒီအချိန်မှာတော့ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းက နည်းပြ ဆာရီနဲ့ ကစားသမားတွေအားလုံးကလည်း လုပ်ခလစာကို ၄လစာမယူပဲ ဝင်ငွေမရှိပဲ အသားတင် လစာပေးထားရတဲ့ အခြေအနေကနေ ကလပ်အသင်းကို လွတ်မြောက်စေခဲ့ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။
အသင်းကို လစာမပေးရတဲ့အတွက် ဂျူဗင်တပ်အသင်းအနေနဲ့ ဒီကာလမှာ ယူရို သန်း ၉၀အထိ သက်သာသွားပြီ လို့လည်း သိရပါတယ်။
ဂျူဗင်တပ်အသင်းမှာ လုပ်ခလစာမြင့်ကစားသမားတွေအဖြစ် ရော်နယ်ဒို၊အာရွန်ရမ်ဆေးစတဲ့ ထိပ်တန်း ကစားသမားတွေဖြစ်ပြီး သူတို့အပါအဝင် တစ်သင်းလုံးကတော့ မတ်၊ဧပြီ၊မေနဲ့ဇွန်လတို့အတွက်ရမယ့် လစာကို မယူပဲ အသင်းကို ပံ့ပိုးမှာပါ။
လူတိုင်းအတွက် ခက်ခဲနေချိန်တစ်ခုမှာ အခုလို အသင်းအပေါ် ပြန်လည်ကြည့်ပေးတဲ့ နည်းပြဆာရီနဲ့ အဖွဲ့သား တွေကို ဂျူဗင်တပ်အသင်းက ကျေးဇူးတင်ကြောင်း ဆိုလာခဲ့ပါတယ်။
အီတလီကတော့ လက်ရှိ ကမ္ဘာပေါ်မှာ ကူးစက်၊သေဆုံးမှုအများဆုံး နိုင်ငံ အဖြစ်ရှိနေပြီး ပြည်တွင်းက စီးရီးအေ ပြိုင်ပွဲကိုလည်း ဧပြီ ၃ ရက်နေ့မတိုင်မီအထိ ရပ်နားထားပါတယ်။