ပျားတုပ်ခံရလို့ ခြေချောင်းဒဏ်ရာရရှိခဲ့ပြီး ပိုးဝင်နေတယ်လို့ သိရပါတယ်။
Pyae Phyo Thein

နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်မြောက်ဖို့အတွက် တစ်ဂိုးသာလိုအပ်တော့ချိန်မှာ ပျားတုပ်ခံလိုက်ရတဲ့အတွက် သူ့ရဲ့မျှော်လင့်ချက်တွေက အနည်းငယ်တော့ နှောင့်နှေးနေခဲ့ရပါတယ်။ 


ပေါ်တူဂီအသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူးရော်နယ်ဒိုဟာ ခရိုအေးရှားကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက်ပါဝင်ကစားခွင့်မရရှိခဲ့ဘဲ ပွဲကြည့်စင်ပေါ်ကနေသာ ကြည့်ရှုခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ခြေချောင်းဒဏ်ရာရရှိနေတယ်လို့ သိရပြီး အဆိုပါဒဏ်ရာကြောင့် လွဲချော်ခဲ့ရတာဖြစ်ပြီး လာမယ့် ဆွီဒင်နဲ့ပွဲကိုလည်း ထပ်မံလွဲချော်ဖို့ရှိတယ်လို့ သိရပါတယ်။ 

ဗုဒ္ဓဟူးနေ့တုန်းက ရော်နယ်ဒိုရဲ့ ခြေချောင်းတစ်ချောင်းဟာ နီရဲယောင်ရမ်းနေခဲ့တယ်လို့ ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်ကလည်း အတည်ပြုခဲ့ပါတယ်။ ဒါဟာ ပျားတုပ်ခံခဲ့ရတာကြောင့်ဖြစ်တယ်လို့လည်း ဆန်းတို့စ်က ထပ်မံပြောဆိုခဲ့ပြီး ဘယ်လောက်ထိအနားယူရမလဲဆိုတာကို အတိအကျမသိရသေးဘူးလို့လည်း ခရိုအေးရှားနဲ့ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

တကယ်လို့သာ အဆိုပါဒဏ်ရာမသက်သာပါက ရော်နယ်ဒိုအနေနဲ့ ဆွီဒင်နဲ့ပွဲကိုပါ လွဲချော်ဦးမှာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ ပွဲပေါင်း ၁၀၀၀ ကျော်ကစားပေးခဲ့ဖို့ရှိခဲ့ရာမှာ စုစုပေါင်းအားဖြင့် ၄၄ ပွဲတည်းသာ လွဲချော်ခဲ့တယ်လို့လည်း Transfer Markt က ဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာသွင်းဂိုး ၉၉ ဂိုးအထိ ရရှိထားတဲ့ ရော်နယ်ဒိုအတွက် ဂိုး ၁၀၀ ပြည့်ဖို့က စောင့်ဆိုင်းရဖွယ်လည်းရှိနေပြန်ပြီဖြစ်ပါတယ်။ 

အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ခရိုအေးရှားနဲ့ပွဲစဉ်ကို နှာခေါင်းစည်းမတပ်ဆင်ဘဲ ကြည့်ရှုနေခဲ့တာကြောင့် တာဝန်ရှိသူအမျိုးသမီးရဲ့ သတိပေးခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်မြောက်ဖို့အတွက် တစ်ဂိုးသာလိုအပ်တော့ချိန်မှာ ပျားတုပ်ခံလိုက်ရတဲ့အတွက် သူ့ရဲ့မျှော်လင့်ချက်တွေက အနည်းငယ်တော့ နှောင့်နှေးနေခဲ့ရပါတယ်။ 


Author


က္က