အင်္ဂလန်နဲ့ အမေရိကန်ကအသင်းတွေဆီက ကမ်းလှမ်းမှုကို ရရှိထားတာပါ။

ဒီစီယူနိုက်တက်အသင်းအတွက် ကစားပေးနေတဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး ဝိန်းရူနီဟာ အသင်းကနေ ထွက်ခွာတဲ့အချိန်မှာ နည်းပြဘဝကို ဝင်ရောက်ဖို့အတွက် စီစဉ်နေတယ်လို့ Goal ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝိန်းရူနီဟာ ကစားသမားဘဝကနေ အနားယူတဲ့နေ့မှာ နည်းပြအဖြစ် ပြောင်းလဲလုပ်ကိုင်လိုနေပြီး လက်ရှိအချိန်အထိတော့ နည်းပြဖြစ်ဖို့ လိုအပ်တဲ့အသိအမှတ်ပြုလက်မှတ်တွေ မရရှိသေးသူဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ ဝိန်းရူနီကို အသင်းပေါင်းများစွာက နည်းပြအဖြစ် ကမ်းလှမ်းဖို့ စိတ်ဝင်စားနေကြပြီး အမေရိကန်မှာရော၊ အင်္ဂလန်ကအသင်းတွေကပါ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

ဝိန်းရူနီကို နည်းပြဘဝကို ကူးပြောင်းဖို့ စဉ်းစားထားတာမျိုးရှိလားလို့ မေးမြန်းခဲ့ရာမှာ Sky Sports ကို အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“အင်း ဒါပေါ့။ ကျွန်တော်လိုအပ်တဲ့ လိုင်စင်တွေပြီးပြည့်စုံအောင်ရဖို့ လုပ်သွားဦးမှာပါ။ ကျွန်တော် ကစားသမားဘဝကို အဆုံးသတ်လိုက်တဲ့အချိန်မှာ ဘာအခွင့်အလမ်းတွေ ရောက်လာမလဲဆိုတာ ကြည့်ကြတာပေါ့”

“ကမ်းလှမ်းမှုတွေက ရှိတောင်ရှိနေပြီးပါပြီ။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်က ကစားသမားဖြစ်နေဆဲဖြစ်ပြီး ကစားရင်းနဲ့ ပျော်ရွှင်ချင်ပါတယ်။ အဲဒါပြီးရင်တော့ ဘယ်ကမ်းလှမ်းမှုက သင့်တော်မလဲဆိုတာ ကျွန်တော် ကြည့်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဝိန်းရူနီရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဖော်ဟောင်းတွေ တော်တော်များများဟာ နည်းပြဘဝကို ကူးပြောင်းနေကြပြီဖြစ်ပြီး စကော့ပါကား၊ ဂျွန်တယ်ရီ၊ စတီဗင်ဂျရတ်၊ လမ်းပတ်တို့ဟာ နည်းပြဘဝကို ခြေစုံပစ်ဝင်ခဲ့ကြပြီးဖြစ်ပါတယ်။



က္က