ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုကျော့တွေကိုလည်း အိမ်ကွင်းတွေမှာ ကစားစေမှာပါ။
Pyae Phyo Thein

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ ပေါ်တူဂီမှာ ကစားဖို့အတွက် စီစဉ်ထားပြီး ယူရိုပါလိဂ်ပွဲစဉ်တွေကိုတော့ ဂျာမနီနိုင်ငံမှာ ကစားဖို့ရွေးချယ်ထားကြောင်းလည်းသိရပါတယ်။


ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ရဲ့ ဒုတိယအကျော့ပွဲစဉ်တွေကို ပြန်လည်ကစားရာမှာ မူလကစားရမယ့်အစီအစဉ်အတိုင်း အိမ်ကွင်းအဖြစ်လက်ခံကျင်းပမယ့်အသင်းရဲ့ကွင်းမှာသာ ကစားသွားမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာလိုက်ပြီဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်မှာတော့ ၁၆သင်းအဆင့်ပွဲစဉ် လေးပွဲကျန်ရှိနေသေးပြီး မန်စီးတီးနဲ့ ရီးရဲလ်၊ ဘိုင်ယန်မြူးနစ် နဲ့ ချယ်လ်ဆီး၊ ဘာစီလိုနာ နဲ့ နာပိုလီ၊ ဂျူဗင်တပ်စ် နဲ့ လိုင်ယွန် ပွဲစဉ်တွေကစားရဦးမှာဖြစ်ပါတယ်။ ဒုတိယအကျော့အတွက် အိမ်ကွင်းမှာသာ ကစားရမှာဖြစ်လို့ အားသာချက်တွေရှိလာခဲ့ပြီဖြစ်ပြီး ရလဒ်မပြတ်မသားဖြစ်ထားတဲ့ မန်စီးတီး၊ ဘာစီလိုနာ နဲ့ ဂျူဗီတို့အတွက် အခွင့်ကောင်းဖြစ်လာခဲ့ပါတယ်။ 

အဆိုပါပွဲအားလုံးကိုလည်း ကွင်းပိတ်ကျင်းပသွားမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ "လက်ရှိအခြေအနေတွေနဲ့ အားကစားမူဝါဒတွေရဲ့ သဘောတရားတွေကို ထည့်သွင်းစဉ်းစားခဲ့ပါတယ်၊ ကလပ်အသင်းအားလုံးက ၁၆သင်းအဆင့် ဒုတိယအကျော့ပွဲကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး လက်ရှိမှာလည်း အားလုံးက အိမ်ကွင်းမှာပဲ ကိုယ်စီကစားနေကြတာပါ"

"ယူအီးအက်ဖ်အေရဲ့ အမှုဆောင်ကော်မတီက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့ပွဲတွေကိုလည်း အိမ်ကွင်းတွေမှာကစားစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ဧည့်သည်အသင်းတွေအတွက်လည်း ခရီးသွားလာမှုပိုင်းမှာ အတတ်နိုင်ဆုံးအကန့်အသတ်တွေနည်းပါးစေမှာပါ၊ ဒါပေမယ့် ပထမအကျော့ကို ရွှေ့ဆိုင်းထားခဲ့ရတဲ့ အင်တာမီလန်-ဂီတာဖေး၊ ဆီဗီလာ-ရိုးမားတို့ရဲ့ပွဲတွေကိုတော့ ဂျာမနီမှာပဲ တစ်ကျော့တည်းကစားသွားစေမှာပါ" လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ ပေါ်တူဂီမှာ ကစားဖို့အတွက် စီစဉ်ထားပြီး ယူရိုပါလိဂ်ပွဲစဉ်တွေကိုတော့ ဂျာမနီနိုင်ငံမှာ ကစားဖို့ရွေးချယ်ထားကြောင်းလည်းသိရပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သြဂုတ်လ ၂၃ ရက်နေ့မှာ ကျင်းပဖို့နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကိုတော့ သြဂုတ်လ ၂၁ရက်နေ့မှာ ကစားစေဖို့ စီစဉ်ထားပြီးလည်းဖြစ်ပါတယ်။ 


Author


က္က