ဆလားဗီးယားအသင်းဖက်ကို သွင်းတဲ့ဂိုးက မက်ဆီအတွက်ယခုနှစ်ရာသီ ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုးလည်း ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက ဆလားဗီးယားပရာဂါကို ၂-၁ ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ပြီးနောက် အသင်းခေါင်းဆောင် လီယွန် နယ်မက်ဆီဟာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၅ နှစ်ဆက်တိုက်ဂိုးသွင်းယူနိုုင်တဲ့ ပထမဆုံး ဘာစီလိုနာ ကစားသမားဖြစ်လာခဲ့တယ်လို့ BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။
မက်ဆီအနေနဲ့ ယခုနှစ် ချန်ပီယံလိဂ် သွင်းဂိုးကို ယခုပွဲရဲ့ ပွဲအစ ၃ မိနစ်မှာစတင်ရရှိခဲ့တာ ဖြစ်ပြီး ရှေ့မှာ ကစားထားတဲ့ ဒေါ့မွန်၊အင်တာမီလန်တို့နဲ့ပွဲမှာ သွင်းယူနိုင်ခြင်းမရှိခဲ့တာလည်း ဖြစ်ပါတယ်။
မက်ဆီအတွက်တော့ ဆလားဗီးယားအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၃၃ သင်းမြောက်ပြိုင်ဖက်အဖြစ် တွေ့ဆုံ ဂိုးသွင်းခြင်းခံ ရတဲ့အသင်းဖြစ်ခဲ့ပြီး စီရော်နယ်ဒို၊ရာအူးလ်တို့နဲ့ စံချိန်တူညီခဲ့ပြီလည်း ဖြစ်ပါတယ်။
မက်ဆီအနေနဲ့ ဆလားဗီးယားနဲ့ပွဲမှာ ယခုထက် ဂိုးပိုမို ရရှိနိုင်မယ့်အခွင့်အရေးတွေ ရခဲ့ပေမယ့်လည်း ဆလားဗီးယားဂိုးသမား ရဲ့ကာကွယ်မှုတွေကောင်းမွန်ခဲ့တာလည်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ ၁၆ နှစ်ဆက်တိုက်ဂိုးသွင်းယူထားနိုင်သူက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ရွိုင်ယန်ဂစ်ဖြစ်လို့ မက်ဆီအနေနဲ့ ဂစ်ကို မီဖို့ လာမယ့်ရာသီမှာလည်း ချန်ပီယံလိဂ် သွင်းဂိုးထပ်မံ ရရှိဖို့ လိုနေပါတယ်။
အခုပွဲအနိုင်ကြောင့် လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းအတွက်လည်း ပြိုင်ပွဲစုံ ၆ ပွဲဆက် အနိုင်ရလဒ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။
အလားတူ ချန်ပီယံလိဂ် အုပ်စုတွင်းမှာလည်း ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ရမှတ် ၇ မှတ်ရရှိထားပြီး အုပ်စုကို ဦးဆောင်နေပြန်ပါ တယ်။