ဒီနှစ်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လီဗာပူးလ်ကို ပထမအကျော့မှာ (၃-ဝ)နဲ့ ဘာစီလိုနာက အနိုင်ယူနိုင်ခဲ့ပေမယ့် အန်ဖီးလ်မှာတော့ (၄-ဝ)နဲ့ အရေးနိမ့်ခဲ့ကာ ထွက်ခွာခဲ့ရပါတယ်။
ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်ကစားသမား ကွင်းလယ်လူဟောင်း ဇာဗီက ချန်ပီယံလိဂ်မှာ သူ့ရဲ့ အသင်းဟောင်း ကျရှုံးခဲ့ရတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုမှု ပြုလုပ်သွားခဲ့ပါတယ်။ ဘာစီလိုနာဟာ ၂၀၁၅ ခုနှစ်ကစပြီး ချန်ပီယံလိဂ်မှာ ဗိုလ်မစွဲနိုင်ခဲ့တော့တာ ဖြစ်ပြီး ဒီရာသီမှာလည်း လီဗာပူးလ်ကို အံ့အားသင့်ဖွယ်အရေးနိမ့်မှုနဲ့အတူ ဆီမီးဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဇာဗီက (၄)ကြိမ်အထိ ရယူနိုင်ခဲ့သူပါ။ ဘာစီလိုနာအတွက် ၂၀၁၄-၁၅ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားကို ဇာဗီက ဆွတ်ခူးပေးနိုင်ခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာခဲ့ကာ ကာတာကလပ် အယ်လ်ဆတ်ကို ပြောင်းရွှေ့ကစားနေခဲ့ပါတယ်။ အယ်လ်ဆတ်အတွက် (၃)ရာသီကြာ ကစားပေးခဲ့ပြီးနောက် ဇာဗီက ကစားသမားဘဝကနေ အနားယူတော့မှာလည်းဖြစ်ပါတယ်။
ဒီနှစ်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လီဗာပူးလ်ကို ပထမအကျော့မှာ (၃-ဝ)နဲ့ ဘာစီလိုနာက အနိုင်ယူနိုင်ခဲ့ပေမယ့် အန်ဖီးလ်မှာတော့ (၄-ဝ)နဲ့ အရေးနိမ့်ခဲ့ကာ ထွက်ခွာခဲ့ရပါတယ်။ ဘာစီလိုနာအနေနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲချင်ပါက ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိဖို့ လိုပြီး ပွဲကိုလွှမ်းမိုးကစားနိုင်ဖို့ လိုအပ်နေတယ်လို့ ဇာဗီက အကြံပေးခဲ့ကြောင်း barcablaugranes ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။
"ဘာစီလိုနာအနေနဲ့ ပွဲတိုင်းမှာ လွှမ်းမိုးနိုင်ဖို့ လိုအပ်တယ်လို့ ထင်တယ်၊ ဒီလိုမှမဟုတ်ရင်တော့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့မဖြစ်နိုင်ပါဘူး၊ အသင်းရဲ့ သမိုင်းမှာလည်း ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူနိုင်ပြီး ပွဲကို လွှမ်းမိုးနိုင်ခဲ့တဲ့ အချိန်မျိုးမှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်တယ်ဆိုတာကို တွေ့နိုင်ပါတယ်၊ လက်ရှိအခြေအနေမှာ ကျွန်တော်တို့အသင်းက ပွဲကို လွှမ်းမိုးနိုင်မှုမရှိဘူး ဖြစ်နေပါတယ်" လို့ ဇာဗီက ပြောဆိုခဲ့ပါတယ်။
လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာလည်း ဘာစီလိုနာဟာ လီဗာပူးလ်ရဲ့ မြန်နှုန်းမြင့်ကစားဟန်အောက်မှာ အလူးအလဲဖြစ်ခဲ့ရပြီး ပြိုင်ဘက်ကို အခွင့်အရေးတွေ အများကြီး ပေးခဲ့ရပါတယ်။ သာမန်ဘောလုံးပေးပို့မှုတွေကိုတောင်မှ အလွယ်တကူ မပေးနိုင်ခဲ့ပဲေ ဘာလုံးပိုင်ဆိုင်မှုအရရော ကစားကွက်အရပါ လီဗာပူးလ်အောက်ကို ရောက်ခဲ့ပြီး အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။