ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုက ရီးရဲမက်ဒရစ်အသင်းမှာ ကစားခဲ့စဉ်တုန်းက နည်းပြဇီဒန်းဟာ ၎င်းကို ထူးခြားတဲ့သူအဖြစ် ခံစားရအောင် ပြုလုပ်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပြီး နည်းပြဟောင်းအပေါ်ကို ချီးကျူးပြောကြားခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့် ရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းအတွက် ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် သမိုင်းဝင်ရယူပေးခဲ့ပြီးနောက် ဂျူဗင်တပ်အသင်းကို ၂၀၁၈-၂၀၁၉ ရာသီမတိုင်မီမှာ ယူရို ၁၁၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုဟာ နည်းပြဇီဒန်းနဲ့ လက်တွဲအလုပ်လုပ်ခဲ့စဉ်အချိန်အတွင်း ၂၀၁၆-၂၀၁၇ ရာသီ လာလီဂါဖလားရရှိခဲ့သလို ကြီးကျယ်တဲ့အောင်မြင်မှုတွေ ရရှိခဲ့သူဖြစ်ပါတယ်။
ရော်နယ်ဒိုက ရီးရဲမက်ဒရစ်အသင်းကို ၂ ကြိမ်မြောက် ပြန်လည်ကိုင်တွယ်နေတဲ့ နည်းပြဇီဒန်းကို ချီးကျူးစကားပြောကြားခဲ့ပြီး ၎င်းတို့ ၂ ဦးရဲ့ ဆက်ဆံရေးကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကစားသမားတစ်ဦးလိုအပ်တဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုက သူ့ဆီကချည်းပဲ လာတာမဟုတ်ပါဘူး။ သူ့အနားမှာရှိတဲ့ ကစားသမားတွေနဲ့ နည်းပြဆီကနေလည်း ရရှိနိုင်ပါတယ်”
“ခင်ဗျားက အစုအဖွဲ့ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတခုအဖြစ် ခံံစားရဖို့ လိုအပ်ပါတယ်။ ဇီဒန်းက ကျွန်တော့်ကို ထူးခြားတဲ့သူလို့ ခံစားရအောင် လုပ်ပေးခဲ့ပါတယ်”
“သူ ကျွန်တော့်ကို အများကြီးကူညီပေးခဲ့ပါတယ်။ သူ့အပေါ်မှာ ကျွန်တော် အများကြီးလေးစားမှု ရှိခဲ့ပြီးသားပါ။ ဒါပေမယ့် သူနဲ့အလုပ်လုပ်ရတာက သူ့ကို ပိုပြီးလေးစားစေပါတယ်”
“အဲဒါက ဘာကြောင့်လဲဆိုတော့ သူက ဘယ်လိုပြောဆိုပြီး အသင်းအပေါ်ကို ဘယ်လိုဆက်ဆံတယ်၊ ကျွန်တော့်ကို ဘယ်လိုဆက်ဆံတတ်တဲ့သူမျိုးလဲဆိုတာကြောင့်ပါ”
“သူ ကျွန်တော့်ကို ပြောတယ်။ ခရစ်ရေ စိတ်အေးအေးနဲ့ မင်းရဲ့ပြိုင်ပွဲကိုသာ ကစားပါ။ မင်းက ကွဲပြားခြားနားမှုတွေကို ပြုလုပ်နိုင်တဲ့ တစ်ယောက်တည်းသောသူပါတဲ့”
“သူက ကျွန်တော့်အပေါ်မှာ အမြဲတမ်း ရိုးသားခဲ့တဲ့သူပါ။ အဲဒါကြောင့်လည်း ကျွန်တော် သူ့အပေါ်မှာ အမြဲတမ်း စစ်မှန်တဲ့ ချစ်ခင်မှုရှိနေတာပါ”လို့ DAZN ကို ပြောကြားခဲ့ပါတယ်။