မိုဗစ်ကတော့ ကယ်ဂလီယာရီကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ကျော့ပြန် အေစီမီလန် အသင်းအတွက် ပထမဆုံး သွင်းဂိုးကို ၆၄ မိနစ်မှာစတင်သွင်းယူနိုင်ခဲ့ပါပြီ။
ဘောလုံးနတ်ဘုရားကြီးလို့ ဘောလုံးပရိသတ်တွေ တင်စားခေါ်ဝေါ်ထာားတဲ့ ဆွီဒင်လက်ရွေးစင်ဟောင်းကြီး မိုဗစ်ကတော့ အသက် ၃၈ နှစ်အရွယ်ရှိပြီ ဖြစ်သည့်တိုင် အီတလီစီးရီးအေ ကလပ် အေစီမီလန်အသင်းနဲ့ အတူ ဂိုးတွေ သွင်းယူနေနိုင်ဆဲပါပဲ။
မနေ့က ကစားခဲ့တဲ့ ကယ်ဂလီယာရီနဲ့ အဝေးကွင်းပွဲမှာ တစ်ကျော့ပြန် အေစီမီလန်အသင်းအတွက် ဂိုးစတင် သွင်းယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
“ ကျွန်တော် အေစီမီလန်နဲ့ ပြန်လက်တွဲခွင့်ရတာ ဘဝမှာ အဓိပ္ပာယ်တွေ ရှိနေသေးတယ်လို့ခံစားရပါတယ်။ အခုတော့ ဒီလောက်ပါပဲ။လာမယ့် ဆန်စီရို ဖြစ်တဲ့ ကျွန်တော်တို့ အိမ်ကွင်းမှာ ကစားချိန်ကျွန်တော် ဂိုးထပ်သွင်းရင်တော့ အားလုံးရဲ့ရှေ့မှာ ဘုရားတစ်ဆူလို အောင်ပွဲခံပြလိုက်အုံးမယ်။”လို့ မိုဗစ်က ကြုံးဝါး ပြောဆိုလိုက်ပါတယ်။
မိုဗစ်က နောက်ဆုံး ကစားခဲ့တဲ့ အမေရိကန် မေဂျလိဂ်ကလပ် ဂလက်ဆီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းဟောင်းဖြစ်တဲ့ အေစီမီလန်အသင်းကို ၆ လစာချုပ်နဲ့ ပြန်ရောက်လာတာပါ။
အေစီမီလန်အသင်းမှာ ၂၀၁၀ကနေ ၂၀၁၂ အတွင်း ကစားခဲ့ချိန်တုန်းကတော့ လိဂ်ပွဲ ၆၁ ပွဲမှာ ၄၂ ဂိုးထိသွင်းခဲ့ သလို မနေ့က ဂိုးကတော့ အေစီမီလန်အသင်းအတွက် စုစုပေါင်း ၅၃ ဂိုးမြောက် ဂိုးဖြစ်ခဲ့ပါတယ်။
မိုဗစ်က အီတလီကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်၊အင်တာမီလန်အသင်းတွေမှာလည်း ကစားခဲ့ဖူးသူ ဖြစ်လို့ သူ့ တွက်တော့ စီးရီးအေ သွင်းဂိုး ၁၂၃ဂိုးမြောက်လည်းဖြစ်လာခဲ့ပါတယ်။
“ ခံစားမှုက အရမ်းကောင်းနေပါတယ်။နည်းပြကတော့ အသက်ကို ပြန်ငဲ့ခိုင်းနေပေမယ့် ကျွန်တော် ဘယ် အချိန်မှာ အနားယူရမလဲ ကျွန်တော်ကောင်းကောင်းသိပါတယ်။အခုချိန်မှာ ဦးနှောက် လုပ်ဆောင်ချက် အတိုင်း ခန္ဓာကိုယ်က လိုက်ပါနိုင်ပါသေးတယ်။”လို့ မိုဗစ်က ပြောခဲ့ပါသေးတယ်။