ဥရောပထိပ်တန်းလိဂ်၅ခုမှာ ဂိုး၄၅ဝပြည့်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့တာပါ။
Pyae Phyo Thein

ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ ရိုးမားနဲ့ ၂ဂိုးစီသရေကျခဲ့တဲ့ စီးရီးအေအဝေးကွင်းပွဲမှာတော့ အသင်းအတွက် ၂ဂိုးသွင်းယူပေးခဲ့ပြီး သရေတစ်မှတ်ရရှိအောင် စွမ်းဆောင်ပေးသွားခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးကြီးဟာ တစ်ယောက်လျော့နေတဲ့ အသင်းအတွက် အဖိုးတန်ရမှတ်ရရှိအောင် သူ့ရဲ့သွင်းဂိုးတွေနဲ့ ကယ်တင်ပေးခဲ့သလို စံချိန်မှတ်တမ်းသစ်တစ်ခုလည်း ရရှိခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ၂ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ သွင်းဂိုး ၄၅၀ ပြည့်မြောက်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ ရိုးမားအသင်းက အိမ်ကွင်းမှာ ဦးဆောင်ဂိုး ၂ကြိမ်တိုင်တိုင်ရရှိခဲ့ပေမယ့် ရော်နယ်ဒိုကပဲ ချေပဂိုးတွေ သွင်းယူပေးခဲ့ကာ သူ့ရဲ့ ဒုတိယမြောက်ချေပဂိုးကတော့ မြင့်မားတဲ့ခုန်ယူမှုနဲ့အတူ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီခေါင်းတိုက်သွင်းဂိုးအတွက်လည်း ရော်နယ်ဒိုဟာ ချီးကျူးမှုတွေရရှိနေပြီဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်လို့ မထင်မှတ်ရလောက်အောင် ရော်နယ်ဒိုက လျင်မြန်ဖြတ်လတ်နေခဲ့ပြီး ပြိုင်ဘက်ခံစစ်မှူးတွေထက် ခေါင်းတစ်လုံးမကသာအောင် ခုန်ခဲ့ပြီး နောက်ပြန်လဲနေတဲ့ ပုံစံမျိုးနဲ့ ခေါင်းတိုက်သွင်းယူခဲ့တာကိုလည်း တွေ့မြင်ခဲ့ရမှာဖြစ်ပါတယ်။ 

ညာတောင်ပံကနေ ဖြတ်တင်ပေးပို့လိုက်မှုကို ရော်နယ်ဒိုက နေရာယူမှန်မှန်၊ ချိန်သားကိုက်ပြေးဝင်မှုနဲ့ သွင်းယူခဲ့တာဖြစ်ပြီး ရိုးမားခံစစ်မှူးနှစ်ဦးဟာ သူ့ရဲ့အမြင့်ခုန်နိုင်စွမ်းအောက်မှာ အရှုံးပေးခဲ့ရပါတယ်။ နည်းပြပီယာလိုအတွက်တော့ ရော်နယ်ဒိုကြောင့် ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ရမယ့် အနေအထားကနေ ကင်းဝေးခဲ့ပြီး လက်ကျန်မိနစ်တွေမှာ တစ်ယောက်လျော့နဲ့ တစ်မှတ်ရအောင် ကစားသွားခဲ့ပါတယ်။ 

အသင်းနိုင်ပွဲမရရှိခဲ့ပေမယ့်လည်း ရော်နယ်ဒိုအတွက်တော့ ထိပ်တန်းလိဂ် ၅ ခုမှ ဘယ်သူကမှ မရယူနို်င်သေးတဲ့ သွင်းဂိုးပေါင်း ၄၅၀ ကို ရရှိိခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့လို့ ကျေနပ်စရာတော့ဖြစ်ခဲ့ရတယ်လို့ Give Me Sports က ဖော်ပြခဲ့ပါတယ်။ 


Author


က္က