ဂျီနိုအာ အသင်းမှာ ကစားသမားနှင့်အဖွဲ့ဝင်များအထဲမှ ကိုဗစ် ရောဂါပိုးရှိသူ ၁၄ဦးအထိ တွေ့ရှိခဲ့ရပြီးနောက် အီတလီစီးရီးအေပွဲစဥ်များကို ၂ပတ်ခန့် ရပ်နားရဖွယ်ရှိနေတယ်လို့ Daily Mail ကဖော်ပြလာပါတယ်။
ဂျီနိုအာအသင်းက နာပိုလီအသင်းကို ၆-၀ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အခုလို ကိုဗစ်ပိုးရှိသူတွေ ထွက်ပေါ်လာခဲ့တဲ့ အတွက် ဂျီနိုအာရောနာပိုလီအသင်းပါ နှစ်သင်းစလုံးမှာ ပါဝင်နေသူအားလုံး သီးသန့် နေထိုင်ကြရတော့မယ်လို့ လည်း La Repubblica သတင်းဌာနက ဖော်ပြပါတယ်။
လာမယ့် စနေနေ့မှာတော့ ဂျီနိုအာအသင်းက တိုရီနိုနဲ့ ကစားဖို့ရှိနေပြီး နာပိုလီကတော့ တနင်္ဂနွေနေ့မှာ ဂျူဗင်တပ် အသင်းနဲ့ ကစားဖို့ ရှိနေပါတယ်။
လက်ရှိအချိန်မှာတော့ ပိုးတွေ့သူ အများအပြား တွေ့လာတဲ့အတွက် အီတလီအစိုးရနဲ့ အားကစားဝန်ကြီးဌာန ပူးပေါင်းပြီး ဘယ်လို အကောင်းဆုံး လုပ်ဆောင်သင့်လဲဆိုတာကို ဆွေးနွေးနေပြီလို့လည်း သိရပါတယ်။
Corriere della Sera သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ပွဲစဥ်တစ်ခုလုံး ရပ်နားဖို့ကို အစီအစဥ် တစ်ခု အနေနဲ့ ထည့်သွင်းစဥ်းစားနေတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ နိုင်ငံတကာပြိုင်ပွဲများအတွက် လိဂ်ပွဲစဥ်တွေကို ရပ်နားဖို့ ရှေ့လာမယ့်အပတ်မှာရှိနေတာနဲ့အတူ စီးရီးအေပွဲစဥ်ကို ၂ပတ်တိတိ ရပ်နားဖို့ထည့်သွင်းစဥ်းစားနေပြီလို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့ ဂျီနိုအာနဲ့နာပိုလီအသင်းတို့ပွဲစဥ်တုန်းကလည်း ဂျီနိုအာ ပွဲထွက်ဂိုးသမား မက်တီယာပီရင်မှာ ကိုဗစ်ပိုး တွေ့ရှိခဲ့လို့ နာရီပိုင်းမျှ နောက်ကျပြီးမှ ကစားခဲ့ရပါတယ်။
ဒါ့အပြင် အသင်းက ဒိန်းမတ်ကွင်းလယ်လူ ရှိုးနီမှာလည်း ကိုဗစ်ပိုးတွေ့ရှိထားတယ်လို့ ပွဲအပြီးမှာ ဂျီနိုအာ အသင်းက ဆက်လက်ထုတ်ပြန်ပေးခဲ့ပါတယ်။
နောက်ဆုံးထုတ်ပြန်ချက်မှာတော့ အသင်းမှာရှိတဲ့ ကစားသမားနဲ့တာဝန်ရှိသူတွေအားလုံးရဲ့ စစ်ဆေးချက်မှာ ၁၄ဦး ထိရောဂါပိုးတွေ့ရှိထားပြီး မည်သူမည်ဝါဆိုသည်ကိုတော့အသင်းက မထုတ်ပြန်ပေးပါ။
လိဂ်ရပ်နားဖို့နဲ့ပွဲစဥ်ရွှေ့ဆိုင်းဖို့အတွက် ကလပ်အသင်းတစ်သင်းမှာ ကစားသမားဘယ်လောက်ထိ ကိုဗစ်ပိုးတွေ့ရှိ ထားရင်ဆိုတဲ့သတ်မှတ်ချက်တော့ အီတလီဘောလုံးအဖွဲ့ချုပ်က မသတ်မှတ်ထားဘူးလို့သိရပါတယ်။