ဥရောပစူပါဖလားရရှိပြီးနောက် ဂျာမန်စူပါဖလားထပ်ရခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ဖြစ်ခဲ့ကာ ကင်မစ်ချ်ရဲ့ ထူးဆန်းတဲ့သွင်းဂိုးနဲ့ ဘိုင်ယန်တို့အနိုင်ရခဲ့ပြီး ဟောဖန်ဟိမ်းကို အရေးနိမ့်ခဲ့မှုကနေ ရုန်းထွက်လာနိုင်ခဲ့ပါတယ်။ 


ဥရောပစူပါဖလားကို ဆွတ်ခူးထားခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ မနေ့ညက ကစားခဲ့တဲ့ ဂျာမန်စူပါဖလားပွဲမှာလည်း ဒေါ့မွန်ကိုအနိုင်ရကာ ဆုဖလားနောက်တစ်လုံးရရှိခဲ့ပြီဖြစ်ပါတယ်။ ၃-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ဖြစ်ခဲ့ကာ ကင်မစ်ချ်ရဲ့ ထူးဆန်းတဲ့သွင်းဂိုးနဲ့ ဘိုင်ယန်တို့အနိုင်ရခဲ့ပြီး ဟောဖန်ဟိမ်းကို အရေးနိမ့်ခဲ့မှုကနေ ရုန်းထွက်လာနိုင်ခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်ဟာ တိုလစ်ဆို၊ သောမတ်စ်မူလာတို့ရဲ့ သွင်းဂိုးတွေကြောင့် ဒေါ့မွန်ကို နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး အေးအေးဆေးဆေးပဲအနိုင်ယူလိမ့်မယ်လို့ ထင်မှတ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒေါ့မွန်တိုက်စစ်မှူးဟာလန်းရဲ့ ခြေစွမ်းပြမှုတွေက ဘိုင်ယန်ကို ဖိအားတွေဝင်သွားစေခဲ့ပြီး ဟာလန်းက ကိုယ်တိုင်တစ်ဂိုးသွင်းကာ ဂျူလီယန်ဘရန့်တ်အတွက် တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။

ပွဲကစားချိန် မိနစ် ၈၀ အထိ နှစ်ဂိုးစီသရေကျဖြစ်နေချိန်မှာတော့ ဘိုင်ယန်ကြယ်ပွင့်ကင်မစ်ချ်က ကွင်းလယ်နားမှာ ပြိုင်ဘက်ကစားသမားဆီက ဘောလုံးကို ကြားဖြတ်လုယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် တိုက်စစ်ပိုင်းက လီဝန်ဒေါစကီးဆီ ဘောလုံးပေးပို့ခဲ့ရာမှာ ပိုလန်သားက တောက်လျှောက်ဆွဲပြေးခဲ့သလို ကင်မစ်ချ်ကလည်း တိုက်စစ်ထိ လိုက်ပါသွားခဲ့ပါတယ်။



ပယ်နယ်တီဧရိယာထဲထိ ကင်မစ်ချ်က ရောက်ရှိခဲ့ပြီးချိန်မှာ လီဝန်ဒေါစကီးက သူ့ဆီကို ဘောလုံးပြန်ပေးခဲ့ပြီး ကင်မစ်ချ်က အနိမ့်ဘောကန်သွင်းခဲ့ပါတယ်။ ဒီကန်ချက်က ဒေါ့မွန်ဂိုးသမားနဲ့ထိပြီး ပြန်အံထွက်လာခဲ့ကာ ဂိုးကန်သွင်းယူအပြီး လဲကျသွားခဲ့တဲ့ ကင်မစ်ချ်ရဲ့ ဘယ်ခြေထောက်နားဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီး ကင်မစ်ချ်က လဲကျနေရင်းနဲ့ပဲ ကန်သွင်းယူကာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။

အနှေးပြကွက်တွေအရ ကင်မစ်ချ်ဟာ လဲကျနေခဲ့ပေမယ့် ဘယ်ခြေထောက်က လေထဲမှာပဲ ရှိနေသေးချိန်၊ ဘောလုံးက သူ့ခြေထောက်ပြန်ကျမယ့်နေရာကို တန်းတန်းမတ်မတ် ရောက်လာခဲ့တာကိုတွေ့ရမှာပါ။ ဒီနောက်မှာ ခြေထောက်အကျ၊ ဘောလုံးကိုထိပြီး ဂိုးထဲဝင်ခဲ့ရာမှာ ကင်မစ်ချ်က ကြုံသလိုကန်ခဲ့တာလား၊ ဘောလုံးအရောက်၊ ခြေထောက်အကျတိုက်ဆိုင်သွားခဲ့တာလားဆိုတာကတော့ ဝေခွဲမရဘဲ ရှိနေခဲ့ရပါတယ်။ 


Author


က္က