၂ပွဲကစားအပြီးမှာ ၂ဂိုးဖန်တီးပေးထားခဲ့ပါပြီ။
Pyae Phyo Thein

လာလီဂါနှစ်ပွဲကစားအပြီးမှာပဲ ကော်တင်ဟိုက အသင်းဖော်တွေအတွက် ဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးထားပြီး နည်းပြကိုးမန်းရဲ့ အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရနေတာဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်ကို အငှားနဲ့သွားရောက်ကစားရာကနေ ပြန်လည်ရောက်ရှိလာပြီး ဘာစီလိုနာအတွက် ကစားပေးနေတဲ့ ကော်တင်ဟိုဟာ ရာသီသစ်မှာ ခြေစွမ်းပြသနေပြီဖြစ်ပါတယ်။ လာလီဂါနှစ်ပွဲကစားအပြီးမှာပဲ ကော်တင်ဟိုက အသင်းဖော်တွေအတွက် ဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးထားပြီး နည်းပြကိုးမန်းရဲ့ အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရနေတာဖြစ်ပါတယ်။ 

ဘရာဇီးလ်ကစားသမားဟာ ဘာစီလိုနာရဲ့ ပထမရာသီမှာ ထင်မှတ်သလောက်ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် နည်းပြဗယ်လ်ဗာဒီက ဘိုင်ယန်ကိုအငှားချခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်မှာတော့ ကော်တင်ဟိုက ပုံမှန်ကစားခွင့်နည်းပါးခဲ့ပေမယ့်လည်း ကျေနပ်လောက်စရာခြေစွမ်းကို ပြသနိုင်ခဲ့ပြီးတော့ ဘိုင်ယန်မြူးနစ်ဘက်က ကစားသမားအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ လေ့ကျင့်မှုတွေကိုတော့ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 

အသင်းဟောင်းဘာစီလိုနာနဲ့ ပြန်လည်ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာတော့ ကော်တင်ဟိုက နှစ်ဂိုးအထိပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ဘိုင်ယန်နဲ့အတူ တစ်ရာသီအတွင်း ဖလားသုံးလုံးတပြိုင်တည်းရရှိခဲ့ပေမယ့်လည်း သူ့ကို ဘိုင်ယန်က အပြီးသတ်ခေါ်ယူခြင်း မပြုခဲ့တာကြောင့် နူးကမ့်ကိုပြန်လာခဲ့ရပြီး နည်းပြသစ်ကိုးမန်းက ကော်တင်ဟိုကို သူ့ရဲ့စီမံကိန်းတွေမှာ အဓိကကစားသမားအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဗီလာရီးရဲလ်၊ ဆယ်လ်တာဗီဂိုတို့နဲ့ပွဲတွေမှာ ကော်တင်ဟိုက ပွဲထွက်ပါဝင်ခွင့်ရခဲ့ပြီး တစ်ပွဲကို တစ်ဂိုးနှုန်းဖန်တီးပေးခဲ့ပါတယ်။ ဆယ်လ်တာဗီဂိုနဲ့ပွဲမှာလည်း ကော်တင်ဟိုက တော်တော်လေးခြေစွမ်းပြခဲ့ပြီးတော့ မက်ဆီ၊ အန်ဆူဖာတီတို့နဲ့အတူ Rating အကောင်းဆုံးရကစားသမားဖြစ်ခဲ့ပြီး သူ့ရဲ့ခြေစွမ်းအပေါ် စပိန်မီဒီယာတွေကလည်း ချီးကျူးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

လီဗာပူးလ်မှာ ပြသခဲ့တဲ့ခြေစွမ်းမျိုးကို ကော်တင်ဟိုက ပြသနေတာဖြစ်ပြီးတော့ သူ့ရဲ့ပုံမှန်ဂိုးသွင်းဟန်ဖြစ်တဲ့ အဝေးကန်ချက်ပြင်းပြင်းတွေနဲ့ ဂိုးသွင်းယူနိုင်ဖို့သာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။ ကိုးမန်းလက်ထက်မှ အသစ်တဖန်ပြန်လည်တောက်ပလာတဲ့ ကော်တင်ဟိုက ဘာစီလိုနာအတွက် အောင်မြင်မှုတွေရယူပေးနိုင်မှာလားဆိုတာကတော့ စောင့်ကြည့်ရတော့မှာပါ။ 


Author


က္က