မန်ချီနီရဲ့ အီတလီအသင်းက လီဝန်ဒေါစကီးရဲ့ ပိုလန်နဲ့ ယနေ့ညမှာ နေးရှင်းလိဂ် ပွဲစဥ်၃ အဖြစ် ယှဥ်ပြိုင် ကစားရ မှာပါ။
အီတလီအသင်းနည်းပြ မန်ချီနီက ဘိုင်ယန်မြူးနစ်အသင်းက ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးကို စီးရီးအေမှာ ကစားတာ မြင်ချင်တယ်လို့
ဖွင့်ဟပြောလာပါတယ်။
လီဝန်ဒေါစကီးလို ကစားသမားတစ်ဦးကို စီးရီးအေမှာ ကစားနေတာ မမြင်ခဲ့ဖူးတာကတော့ သနားစရာကောင်းတဲ့ ဖြစ်ရပ် ပါပဲလို့ လည်း မန်ချီနီက ဆိုပါသေးတယ်။
အီတလီနဲ့ ပိုလန်အသင်းတို့က ယနေ့ညမှာ နေးရှင်းလိဂ် အုပ်စုပွဲစဥ်အဖြစ် တွေ့ဆုံ ကစားရမှာ ဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၅၅ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးနဲ့ ပတ်သက်ပြီး မန်ချီနီက အခုလို ပြောလာတာပါ။
မနှစ်က ဘောလုံးရာသီမှာ လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သလို အားကစားကလောင်ရှင်တွေကလည်း ဘလွန်းဒီအောဆု ရရှိသင့်တဲ့အထိ အားပေး ထောက်ခံခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ယခုနှစ်မှာ ကိုဗစ်ကြောင့် ဘလွန်းဒီအောဆိုကို ပေးအပ်တော့ခြင်းမပြုတာကြောင့် လီဝန်ဒေါစကီး ဟာ ဥရောပ အကောင်းဆုံး ကစားသမားဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
“လီဝန်က ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးပါ။သူ့ကို စီးရီးအေမှာ ကစားတာ မမြင်တွေ့ဖူးခဲ့တာ ကတော့ ကျွန်တော်တို့အတွက် သနားစရာကောင်းတဲ့ ဖြစ်ရပ်ပါပဲ။အခုရင်ဆိုင်ရမယ့် ပိုလန်မှာ လီဝန်လို တိုက်စစ် အားသန်တဲ့ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ဒါပေမယ့် ကျွန်တော်တို့ အီတလီခံစစ်ကလည်း ကမ္ဘာ့ အကောင်းဆုံးတွေထဲက ကစားသမားတွေ ပါဝင်နေပါတယ်။”လို့ မန်ချီနီက ပြောခဲ့ပါတယ်။
အီတလီကတော့ လိဂ်(က)ရဲ့ အုပ်စု(၁)ကို ၂ပွဲကစား ၄မှတ်နဲ့ ဦးဆောာင်နေကာ ပိုလန်ကတော့ ၂ပွဲကစား ၁ပွဲနိုင် ၁ပွဲရှုံးပြီး အဆင့် ၃မှာ ရပ်တည်နေပါတယ်။