နေးရှင်းလိဂ်ပွဲကစားခဲ့တာဖြစ်ပြီး ဂိုးမရှိသရေကျခဲ့ပါတယ်။

နာမည်ကျော်ကွင်းလယ်လူ ပေါ့ဂ်ဘာအပါအဝင် ဘတ်ပီ၊ လူးကပ်စ်ဟာနန်ဒက်ဇ်၊ ကင်ပမ်ဘီတို့က ဖော်ပြသွားခဲ့ကြတာဖြစ်ပါတယ်။


ပြင်သစ်နဲ့ ပေါ်တူဂီတို့ ကစားခဲ့ကြတဲ့ နေးရှင်းလိဂ်ပွဲစဉ်အပြီးမှာတော့ ပြင်သစ်ကစားသမားအများစုဟာ သူတို့ရဲ့တွစ်တာအကောင့်တွေမှာ ရော်နယ်ဒိုနဲ့ ကွင်းအတွင်း ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပုံရိပ်တွေကို အသီးသီးဖော်ပြသွားခဲ့ကြပါတယ်။ နာမည်ကျော်ကွင်းလယ်လူ ပေါ့ဂ်ဘာအပါအဝင် ဘတ်ပီ၊ လူးကပ်စ်ဟာနန်ဒက်ဇ်၊ ကင်ပမ်ဘီတို့က ဖော်ပြသွားခဲ့ကြတာဖြစ်ပါတယ်။

ဘတ်ပီကတော့ သူ့ရဲ့ ငယ်ဘဝစံပြကစားသမားနဲ့ ပွဲမစခင်မှာ ရင်းရင်းနှီးနှီးစကားပြောဆိုနိုင်ခဲ့ပြီး ရော်နယ်ဒိုကလည်း ခင်ခင်မင်မင်ပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ တစ်ဦးခါးတစ်ဦးဖက်ကာ တော်တော်လေးကို ရင်းနှီးတဲ့ဟန်ပန်ကိုပြသခဲ့ကြပြီး ရော်နယ်ဒိုရဲ့ ပြောစကားတွေကြောင့် ဘတ်ပီက တော်တော်လေးသဘောကျကာ ရယ်မောနေခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ 

ပွဲအပြီးမှာတော့ ပေါ့ဂ်ဘာ၊ လူးကပ်ဟာနန်ဒက်ဇ်၊ ကင်ပမ်ဘီနဲ့ ဘတ်ပီတို့က ရော်နယ်ဒိုနဲ့ ကွင်းအတွင်းပြိုင်ဆိုင်မှုဓာတ်ပုံတွေကို သူတို့ရဲ့တွစ်တာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ နာမည်ကျော်ကစားသမားနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့အပေါ်မှာ ဂုဏ်ယူနေခဲ့တယ်လို့ ယူဆရပြီးတော့ ပြင်သစ်အသင်းသားတွေရဲ့ တူညီတဲ့လုုပ်နည်းလုပ်ဟန်တွေက ပရိသတ်တွေကိုလည်း သတိထားမိစေခဲ့ပါတယ်။

ဂိုးမရှိသရေကျခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ရော်နယ်ဒိုအနေနဲ့ ဂိုးရနိုင်တဲ့အခွင့်အရေးတချို့ကို ဆုံးရှုံးခဲ့ရပါတယ်။ ပြင်သစ်ကစားသမားတွေက ရော်နယ်ဒို ဂိုးသွင်းခွင့်မရအောင် ထိန်းချုပ်ကစားခဲ့ကြပြီး လူးကပ်စ်ဟာနန်ဒက်ဇ်က ဂိုးပေးရနိုင်တဲ့ အနေအထားတစ်ခုကို တားဆီးနိုင်ခဲ့ကာ ရော်နယ်ဒိုကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သူလို့ ချီးကျူးခံခဲ့ရပါတယ်။ 

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးနဲ့ ဘတ်ပီတို့ ရယ်မောပျော်ရွှင်နေတဲ့ ပုံရိပ်ကိုလည်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်တွစ်တာအကောင့်ကလည်း ပြန်လည်ဖော်ပြခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒီပုံတွေထွက်ပေါ်လာခဲ့အပြီးမှာတော့ ပရိသတ်တွေက ပြင်သစ်ကစားသမားတွေအနေနဲ့ ရော်နယ်ဒိုအပေါ်မှာ ဘယ်လောက်ထိလေးစားမှုရှိလဲဆိုတာကို မြင်တွေ့ခဲ့ရတယ်လို့လည်း မှတ်ချက်ပြုမှုတွေရှိနေခဲ့ပါတယ်။ 



က္က