တူချယ်လ်က သူ့ရဲ့တိုက်စစ်မှူးကို ယူနိုက်တက်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ အင်ပြည့်အားပြည့်နဲ့ ကစားပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။
နီမက်စ်ကို အဝေးကွင်းမှာ ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ပါဝင်ကစားပေးခဲ့ခြင်းမရှိတဲ ့နေမာဟာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲကို ပါဝင်လိမ့်မယ်လို့ နည်းပြတူချယ်လ်က ပြောဆိုလိုက်ပါတယ်။ နေမာ မပါဝင်နို်င်ချိန်မှာ ဘတ်ပီက အသင်းတိုက်စစ်ကိုဦးဆောင်ခဲ့ပြီး ၂ ဂိုးသွင်းယူပေးခဲ့ကာ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲရရှိစေခဲ့ပါတယ်။
နေမာကတေ့ာ ဘရာဇီးလ်အတွက် ပီရူးနဲ့ကစားခဲ့တဲ့ တောင်အမေရိကဇုန်၊ ကမ္ဘာဖလားခြေစစ်ပွဲကို ပါဝင်ကစားပေးခဲ့ပြီး ဟက်ထရစ်သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း တူချယ်လ်က သူ့ရဲ့တိုက်စစ်မှူးကို အနားပေးဖို့ဆုံးဖြတ်ခဲ့ပြီး ယူနို်က်တက်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ အင်ပြည့်အားပြည့်နဲ့ ကစားပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။
"သူ့မှာ ဘာပြသနာမှမရှိပါဘူး၊ ကျွန်တော်တို့ စကားအတူတူပြောခဲ့ပြီးပါပြီ၊ ကိုင်လီယန်ကို အသုံးပြုခဲ့သလို သူ့ကိုလည်း အသုံးပြုချင်ခဲ့တာပါ၊ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းစကားပြောဆိုခဲ့ကြပြီးတော့ သူ့ကို အနားပေးဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်၊ သူ မနက်ဖြန်မှာ ကျွန်တော်တို့နဲ့အတူရှိနေပါလိမ့်မယ်၊ သူ လေ့ကျင့်ခန်းဆင်းမှာဖြစ်ပြီး ယူနိုက်တက်နဲ့ပွဲအတွက် အသင့်ဖြစ်နေပါလိမ့်မယ်"
"သူ ကွင်းထဲမှာ ရှိနေမှာ သေချာပါတယ်" လို့ တူချယ်လ်က ပြောခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ ပီအက်စ်ဂျီကတေ့ာ ဒီရာသီမှာ နေမာမပါဝင်ဘဲ လေးပွဲအထိ လိဂ်ပွဲတွေ ကစားခဲ့ရကာ သုံးပွဲအထိ အနိုင်ရထားခဲ့ပါတယ်။ နေမာမပါဝင်ချိန်မှာ တစ်ပွဲပျမ်းမျှ၂ ဂိုးနှုန်းသွင်းယူနိုင်ခဲ့ပေမယ့် နေမာကစားချိန်မှာဆိုရင် ၂.၇ ဂိုးနှုန်းအထိ ရရှိနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ နေမာမပါဝင်ခဲ့တဲ့ လိဂ်ပွဲ ၁၂ပွဲမှာ ၇၅ % အနိုင်ရခဲ့ပြီး နေမာပါဝင်ချိန်မှာတော့ ၈၆.၇% အထိ နိုင်ပွဲရခဲ့တာပါ။ ဒါပေမယ့်လည်း နေမာမပါဝင်ချိန်မှာ ဂိုးသွင်းနှုန်းက ၂.၉ ဂိုးရှိခဲ့ပြီးတော့ ပါဝင်ချိန်မှာတော့ ၂.၇ ဂိုးနှုန်းသာရှိခဲ့ပါတယ်။ နီမက်စ်ကို အနိုင်ရခဲ့တဲ့ မနေ့ကပွဲမှာ ဘတ်ပီက ၂ဂိုး၊ ဖလော်ရန်ဇီ၊ ဆာရာဘီယာတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ပြီး နီမက်စ်ကစားသမား လန်ဒရီက ၁၂မိနစ်မှာကတည်းက အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။