နောက်ထပ်ထူးခြားမှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။
Pyae Phyo Thein

အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီစတင်ကတည်းက ကလပ်နဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်း ၃ဂိုးရရှိခဲ့ပြီဖြစ်ပြီး အဆိုပါ ၃ ဂိုးစလုံးကို ပယ်နယ်တီကနေ သွင်းယူခဲ့တာကလည်း ထူးခြားမှုအဖြစ်ရှိနေခဲ့ပါတယ်။


ဘာစီလိုနာအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီဟာ ဟန်ဂေရီကလပ်ဖီရန်ဗားရို့စ်နဲ့ပွဲမှာ အသင်းအတွက် ဂိုးသွင်းပေးခဲ့ပြီးနောက် ချန်ပီယံလိဂ် ၁၆ ရာသီဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ မက်ဆီဟာ အသင်းအတွက် ပယ်နယ်တီကတဆင့် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး အိမ်ကွင်းမှာ ဘာကာက ၅-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ 



ဘာစီလိုနာအနေနဲ့ လာလီဂါမှာ ရှုံးပွဲတွေ့ထားခဲ့မှုကို ချေဖျက်နိုင်ဖို့အတွက် ဒီပွဲကို အားထုတ်ကစားခဲ့ပြီး ပထမပိုင်းမှာပဲ ဂိုးပြတ်အနိုင်ရရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ပီကေးထုတ်ပယ်ခံခဲ့ရပြီးနောက်ပြီး ချေပဂိုးတစ်ဂိုးပေးခဲ့ရသေးပြီး ပက်ဒရီနဲ့ ဒမ်ဘီလီတို့က ဂိုးတွေထပ်သွင်းပေးခဲ့လို့ ဂိုးပြတ်အနိုင်ရခဲ့ပြီး မက်ဆီ၊ အန်ဆူဖာတီ နဲ့ ကော်တင်ဟိုတို့ကလည်း တစ်ဂိုးစီသွင်းယူပေးခဲ့ကြပါတယ်။ 

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ များပြားလှတဲ့ စံချိန်မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ခဲ့တဲ့ မက်ဆီအတွက် ၁၆ ရာသီဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကလည်း ဂုဏ်ယူဖွယ်ရာအဖြစ် ရှိနေခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီစတင်ကတည်းက ကလပ်နဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်း ၃ဂိုးရရှိခဲ့ပြီဖြစ်ပြီး အဆိုပါ ၃ ဂိုးစလုံးကို ပယ်နယ်တီကနေ သွင်းယူခဲ့တာကလည်း ထူးခြားမှုအဖြစ်ရှိနေခဲ့ပါတယ်။

မက်ဆီဟာ Open Play ကတဆင့် ဂိုးသွင်းယူနိုင်ခြင်းမရှိသေးလို့ ဝေဖန်မှုတချို့လည်းရှိနေပြီး ခြေစွမ်းကျဆင်းခဲ့ပြီလားလို့ မေးခွန်းထုတ်ခံနေရမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာနည်းပြကိုးမန်းကတော့ သူ့ရဲ့အသင်းခေါင်းဆောင်ဟာ လေ့ကျင့်ကွင်းမှာပါ အာရုံစိုက်နေပြီး ဖီရန်ဗားရို့စ်နဲ့ပွဲက ခြေစွမ်းအတိုင်းသာ ကစားပြနေမယ်ဆိုရင် ဘာတောင်းဆိုစရာမှမရှိဘူးလို့ ပွဲအပြီးမှာပြောဆိုခဲ့ပါတယ်။ 

"ဒီတစ်ကြိမ်မှာ မက်ဆီရဲ့ခြေစွမ်းက ပိုကောင်းလာတာဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် သူ ပျော်ရွှင်နေပါတယ်၊ လေ့ကျင့်ခန်းကောင်းကောင်းလုပ်နေပြီး အာရုံစိုက်နေတာပါ၊ သူက ပွဲတွေကစားချင်နေပြီး အသင်းကို ဦးဆောင်ချင်နေသလို တိုးတက်မှုတွေလည်းရှိနေပါတယ်၊ ဒီလိုပုံစံမျိုးသာဆိုရင် ကျွန်တော် သူ့ဆီက တောင်းဆိုစရာဘာမှမရှိပါဘူး" လို့ ကိုးမန်းက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


Author


က္က