ရီးရဲလ်ကိုအရေးနိမ့်အပြီးမှာ စပိန်ဘောလုံးလောကကို ကိုးမန်းက မေးခွန်းထုတ်လိုက်ပါတယ်။

အယ်လ်ကလက်စီကိုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းက VAR ဟာ သူတို့အသင်းကို ဆန့်ကျင်ဖို့တစ်ခုတည်းအတွက်သာ အသုံးပြုနေတာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ VAR ဆုံးဖြတ်ချက်တွေဟာ ဘာစီလိုနာအတွက် မျှတမှုမရှိဘူးလို့ ကိုးမန်းက ပြောဆိုခဲ့ပြီး သူ့အသင်းကို ပစ်မှတ်ထားနေတာ ဘာကြောင့်လဲလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။ 



ဂီတာဖေးနဲ့ ကာဒစ်တို့ကို အရေးနိမ့်ခဲ့ပြီးနောက် နိုင်ပွဲပြန်ရဖို့အားထုတ်ခဲ့တဲ့ နူးကမ့်က ပွဲစဉ်ဟာ ပရိသတ်တွေထင်မှတ်သလောက် အကြိတ်အနယ်မရှိခဲ့ဘဲ ပြီးဆုံးခဲ့ပါတယ်။ ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီသရေပွဲဖြစ်နေခဲ့ပြီး ဒုတိယပိုင်းမှာ ရီးရဲလ်နောက်ခံလူရာမို့စ်ကို ဘာကာနောက်ခံလူလန်ဂ်လက်က ဆွဲလှဲခဲ့လို့ ရီးရဲလ်ပယ်နယ်တီရခဲ့ပြီး ရာမို့်စ်က ကန်သွင်းယူကာ မိုဒရစ်က တတိယဂိုးသွင်းယူပြီး ဘာကာကိုအနိုင်ယူခဲ့ပါတယ်။ 

ရော်နယ်ကိုးမန်းက "ကျွန်တော်တို့ လုံးဝသဘောမတူပါဘူး၊ ကျွန်တော့်အတွက်တော့ ရာမို့စ်ရဲ့အဖြစ်အပျက်က ပယ်နယ်တီမဟုတ်ပါဘူး၊ တနေ့မှာ စပိန်ကအသုံးပြုနေတဲ့ VAR နဲ့ပတ်သက်ပြီး ကျွန်တော့်ကို ရှင်းပြမယ်လို့ မျှော်လင့်ပါတယ်၊ ကျွန်တော်တို့ ငါးပွဲကစားထားခဲ့ပြီး VAR က ဘာစီလိုနာနဲ့ အမြဲတမ်းဆန့်ကျင်ဘက်တွေဖြစ်နေခဲ့ပါတယ်"

"ဆီဗီလာနဲ့ပွဲမှာ မက်ဆီပယ်နယ်တီမရခဲ့သလို ဂီတာဖေးနဲ့ပွဲမှာလည်း အနီကတ်ပြရမယ့် ပြစ်ဒဏ်ဘောကို မပြသခဲ့ပါဘူး၊ VAR ကို ဘာလို့ ဘာကာနဲ့ဆန့်ကျင်ပြီး အသုံးပြုနေတာလဲ? သူက တကယ်ကောင်းမွန်နိုင်ပါတယ်၊ ဒါပေမယ့် အသင်းတိုင်းအတွက်ဖြစ်ဖို့တော့ လိုပါတယ်၊ လန်ဂ်လက်နဲ့ ကျွန်တော်စကားမပြောရသေးပါဘူး၊ ဒါပေမယ့် အဲဒီဖြစ်ရပ်ကို ကျွန်တော်မြင်ပါတယ်၊ ရာမို့စ်က အရင်ပြစ်ဒဏ်ကျူးလွန်ခဲ့တာပါ၊ ပယ်နယ်တီမဟုတ်ပါဘူး"

"မက်ဒရစ်ကစားသမားတွေက ဒိုင်ကိုဖိအားပေးတာက မထူးဆန်းပါဘူး၊ သူတို့လုပ်နေကျပဲလေ၊ ဒီအတွက် ကျွန်တော့်မှာ ဘာပြသနာမှမရှိပါဘူး၊ VAR နဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က ဒီပွဲရဲ့ အဓိကအလှည့်အပြောင်းပါပဲ" လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒီပွဲအရေးနိမ့်ခဲ့တာကြောင့် ဘာကာဟာ အဆင့် ၁၂နေရာကိုရောက်ရှိခဲ့ပြီး ရီးရဲလ်ကတော့ အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က