ဘာစီလိုနာကတော့ လာလီဂါအဖွဲ့ချုပ်ကို တိုင်ကြားထားတယ်လို့ သိရပါတယ်။
Pyae Phyo Thein

ကွင်းလယ်ဒိုင်မာတီနက်ဇ်ရဲ့ ဖခင်ဖြစ်သူ ဟွမ်ရာမွန်ကလည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တရားဝင်ပရိသတ်အဖွဲ့အစည်းတစ်ခုကို စတင်တည်ထောင်သူတွေထဲက တစ်ဦးဖြစ်တယ်လို့ နောက်ကြောင်းပြန်လေ့လာမှုတွေအရ သိရှိရပါတယ်။ 


ပြီးခဲ့တဲ့အယ်လ်ကလက်စီကိုပွဲစဉ်မှာ ဒိုင်လူကြီးခန့်အပ်ခဲ့မှုတွေနဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းက လာလီဂါအဖွဲ့ချုပ်ကို စောဒကတက်ထားတယ်လို့ သိရပါတယ်။ စပိန်သတင်းစာ SPORT ရဲ့ ဖော်ပြချက်အရဆိုရင် အဆိုပါပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးဟွမ်မာတီနက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်ပရိသတ်တစ်ဦးလို့ သိရပြီး စည်းကြပ်ဒိုင်ကလည်း သူနဲ့ညီအကိုတော်စပ်သူလို့ သိရပါတယ်။ 

အဆိုပါပွဲစဉ်ရဲ့ ပွဲချိန်အတွင်း မာတီနက်ဇ်ရဲ့ ဆုံးဖြတ်ချက်တွေဟာ သူတို့အတွက် နစ်နာခဲ့တယ်လို့ ဘာစီလိုနာဘက်က ယုံကြည်နေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း ရရှိသွားခဲ့တဲ့ ပယ်နယ်တီပြစ်ဒဏ်ကလည်း မပေးသင့်ဘူးလို့ နည်းပြကိုးမန်းက ပွဲအပြီးမှာပြောဆိုခဲ့ပြီး ကွင်းလယ်ဒိုင်လူကြီးရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ကာ ဘာစီလိုနာဘက်က တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။ 

မာတီနက်ဇ်ရဲ့ ဖခင်ဖြစ်သူ ဟွမ်ရာမွန်ကလည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တရားဝင်ပရိသတ်အဖွဲ့အစည်းတစ်ခုကို စတင်တည်ထောင်သူတွေထဲက တစ်ဦးဖြစ်တယ်လို့ နောက်ကြောင်းပြန်လေ့လာမှုတွေအရ သိရှိရပြီး မိသားစုဝင်အားလုံးနီးပါးဟာ ရီးရဲလ်ပရိသတ်တွေဖြစ်ကာ ဟွမ်ရာမွန်လည်း ဒိုင်လူကြီးဟောင်းတစ်ဦးဖြစ်ပြီး စပိန်တတိယတန်းပြိုင်ပွဲတစ်ခုမှာ ရီးရဲလ်ဂျာစီဝတ်ဆင်ပြီး ဒိုင်လူကြီးအဖြစ် တာဝန်ယူခဲ့လို့ ပြစ်ဒဏ်ချမှတ်ခံရဖူးတယ်လို့ သိရပါတယ်။ 

မာတီနက်ဇ်ရဲ့ ညီဖြစ်သူ မီဂွေးလ်မာတီနက်ဇ်ကလည်း အယ်လ်ကလက်စီကိုပွဲစဉ်မှာ စည်းကြပ်ဒိုင်အဖြစ် တာဝန်ယူခဲ့ရပြီး ဒီလိုခွင့်ပြုခဲ့တဲ့အပေါ်မှာ ဘာစီလိုနာဘက်က မေးခွန်းထုတ်မှုတွေရှိလာခဲ့ပါတယ်။ ရီးရဲလ်ပရိသတ်တွေလို့ ယူဆရသူနှစ်ဦးကို တာဝန်ပေးခဲ့တာကြောင့် သူတို့နစ်နာစေမယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တယ်လို့ ခံစားခဲ့ရတဲ့ ဘာစီလိုနာအတွက်လည်း သံသယဖြစ်မှုတွေက ပိုမိုတိုးပွားလာခဲ့ရပါတယ်။ 

အဆိုပါပွဲအပြီးမှာ ရော်နယ်ကိုးမန်းက "ဆုံးဖြတ်ချက်တိုင်းက ကျွန်တော်တို့ကိုဆန့်ကျင်နေခဲ့ပါတယ်၊ ငါးပွဲကစားခဲ့အပြီးမှာ ကျွန်တော်တို့မျက်နှာသာရတာ တစ်ကြိမ်မှမရှိခဲ့ပါဘူး၊ ပယ်နယ်တီကလည်း ပေးစရာမလိုဘူးလို့ ကျွန်တော်ထင်ပါတယ်၊ စပိန်မှာ အသုံးပြုနေတဲ့ VAR က ဘာစီလိုနာကို ဆန့်ကျင်ဖို့သက်သက်ပဲလားလို့တောင် ထင်ရပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 


Author


က္က