၂ပွဲကစားအပြီးမှာ တစ်မှတ်သာရထားခဲ့ပါတယ်။
Pyae Phyo Thein

အုပ်စုအဆင့်ကနေ လွန်မြောက်နိုင်ဖို့အတွက် လက်ကျန်လေးပွဲက ရီးရဲလ်အတွက် သေရေးရှင်ရေးလိုဖြစ်လာနေပြီး ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းဟာ ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ 


မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယမြောက်ပွဲစဉ်မှာလည်း ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်း နိုင်ပွဲပျောက်ခဲ့ပါတယ်။ အယ်လ်ကလက်စီကိုမှာ ဘာစီလိုနာကို အနိုင်ယူထားခဲ့လို့ စိတ်ပိုင်းဆိုင်ရာအရ ရီးရဲလ်မက်ဒရစ်တို့ အကောင်းဆုံးဖြစ်နေမယ်လို့ ယူဆခဲ့ရပေမယ့်လည်း အဝေးကွင်းမှာ ဂလာဘတ်ကို ကံကောင်းလို့သာ သရေကျခဲ့တာဖြစ်ပါတယ်။ 

ဂလာဘတ်က မားကပ်စ်သူရမ်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ပွဲချိန် ၈၆ မိနစ်အထိ အဆိုပါရလဒ်အတိုင်းဖြစ်နေခဲ့ကာ နိုင်ပွဲရဖို့ သေချာသလောက်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ကျန်အချိန်လေးအတွင်းမှာ ဘန်ဇီမာ နဲ့ ကက်စ်မဲရိုးတို့က ချေပဂိုးတွေသွင်းယူပေးခဲ့လို့ ဇီဒန်းကံကောင်းခဲ့ရပြီး အုပ်စုတွင်းမှာ တစ်မှတ်စတင်ရရှိခဲ့ပြီး နှစ်ပွဲဆက်အရှုံးကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။

ပထမပွဲစဉ်မှာ ရှက်တာဒိုးနတ်ကို အရေးနိမ့်ထားခဲ့လို့ ဒီပွဲကို မဖြစ်မနေအနိုင်ယူထားရမှာဖြစ်ပေမယ့် ကံကောင်းလို့သာ ရှုံးပွဲနဲ့ မကြုံခဲ့ရတာဖြစ်ပါတယ်။ နှစ်ပွဲကစားအပြီးမှာလည်း ပေးဂိုးငါးဂိုးအထိ ရှိနေပြီး အုပ်စုအဆင့်ကနေ လွန်မြောက်နိုင်ဖို့အတွက် လက်ကျန်လေးပွဲက ရီးရဲလ်အတွက် သေရေးရှင်ရေးလိုဖြစ်လာနေပြီး ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းဟာ ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ 

ပွဲအပြီးမှာလည်း ဇီဒန်းက သူတို့အတွက် ခက်ခဲတဲ့ဘောလုံးရာသီိဖြစ်နေတယ်လို့ ညည်းတွားပြောဆိုခဲ့ပါတယ်။ "ဒီလိုမျိုး ဒရာမာဆန်လာလိမ့်မယ်လို့ မတွေးထားခဲ့ပါဘူး၊ ဒါပေမယ့် ကျွန်တော့်ကစားသမားတွေက ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို သိထားပြီးသားပါ၊ ပထမပိုင်းမှာ ကျွန်တော်တို့အရမ်းကောင်းခဲ့တယ်၊ အမှားအယွင်းကြောင့် အဖွင့်ဂိုးပေးခဲ့ရတာက တော်တော်နာကျင်ရပါတယ်"

"ဒီရာသီက တော်တော်လေးခက်ခဲတဲ့ရာသီပါ၊ ဒါပေမယ့် ကျွန်တော့်ကစားသမားတွေရဲ့ ဒီညတုံ့ပြန်မှုအတွက်တော့ ဂုဏ်ယူပါတယ်" လို့ ဇီဒန်းက ပြောခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားကို ၁၃ ကြိမ်ရယူထားနိုင်ခဲ့ပြီး အအောင်မြင်ဆုံးအသင်းအဖြစ်ရှိနေတဲ့ ရီးရဲလ်ကတော့ လက်ရှိမှာ အုပ်စုက ကျော်ဖြတ်နိုင်ဖို့ကိုတောင် ဖောင်ဖျက်တိုက်ပွဲဝင်ရတော့မှာဖြစ်ပါတယ်။ 


Author


က္က