အသင်းဟောင်းကိုယ်စား အနိုင်ကစားပေးသွားမယ်လို့ဆိုခဲ့တာပါ။
Pyae Phyo Thein

ဘာနေဗျူးမှာ အိမ်ရှင်ကို အနိုင်ယူကာ အင်တာနဲ့ ဘာစီလိုနာပရိသတ်တွေကို ပျော်ရွှင်မှုပေးချင်တယ်လို့ ချီလီကွင်းလယ်လူက ပြောဆိုခဲ့တာဖြစ်ပါတယ်။ 


အင်တာမီလန်ကွင်းလယ်လူဗီဒယ်က ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို အနိုင်ကစားပြီး အသင်းဟောင်းဘာစီလိုနာပရိသတ်တွေ အောင်ပွဲခံစေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီနေ့မှာ ကစားသွားရမှာဖြစ်ပြီး ဘာနေဗျူးမှာ အိမ်ရှင်ကို အနိုင်ယူကာ အင်တာနဲ့ ဘာစီလိုနာပရိသတ်တွေကို ပျော်ရွှင်မှုပေးချင်တယ်လို့ ချီလီကွင်းလယ်လူက ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

ဘာစီလိုနာမှာ ၂ရာသီကြာ ကစားခဲ့ပြီး ရီးရဲလ်နဲ့ အဓိကပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ရတဲ့ ဗီဒယ်က အင်တာမီလန်အတွက် အနိုင်ရဖို့ကို ဦးစားပေးတယ်လို့ ဆိုခဲ့ပေမယ့်လည်း ဘာကာပရိသတ်တွေအတွက်လည်း အောင်ပွဲခံချင်မိတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဘာစီလိုနာရဲ့ ရလဒ်ပိုင်းကြောင့် ပရိသတ်တွေစိတ်ပျက်နေရပြီး ဗီဒယ်က မဟာပြိုင်ဘက်ကို အနိုင်ကစားပေးပြီး ကုစားပေးချင်နေတာလည်းဖြစ်ပါတယ်။ 

"ဒီပွဲက ပွဲကောင်းတစ်ပွဲပါ၊ ကျွန်တော်ဘာစီလိုနာမှာ ၂ရာသီကြာရှိနေခဲ့ပါတယ်၊ ဒါကြောင့် အင်တာမီလန်၊ ဘာစီလိုနာပရိသတ်တွေနဲ့အတူ အောင်ပွဲခံနိုင်ဖို့ မျှော်လင့်မိပါတယ်" လို့ မနေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဗီဒယ်ကပြောဆိုခဲ့ပါတယ်။ ဗီဒယ်ကတော့ ရီးရဲလ်နဲ့မကြာခဏရင်ဆိုင်ဖူးသူဖြစ်ပြီး ရလဒ်ပိုင်းကတော့ ဆိုးရွားနေခဲ့သူပါ။ 

၂၀၁၇ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဘို်င်ယန်မြူးနစ်နဲ့အတူ ရီးရဲလ်ကို ရင်ဆိုင်ခဲ့ဖူးပြီး အနီကတ်ပြထုတ်ပယ်ခံခဲ့ရဖူးပါတယ်။ ဘာကာကစားသမားမှာလည်း ရီးရဲလ်နဲ့ ၂ကြိမ်ရင်ဆိုင်ခဲ့ရာမှာ တစ်ပွဲရှုံး၊ တစ်ပွဲသရေရလဒ်သာ ရရှိခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ချီလီကွင်းလယ်လူက သူ့ကို ယုံကြည်မှုအပြည့်နဲ့ခေါ်ယူခဲ့တဲ့ နည်းပြကွန်တီအတွက်လည်း ပေးဆပ်ကစားသွားမယ်လို့ ပြောခဲ့ပါတယ်။ 

"ဆန်စီရိုမှာ ကျွန်တော်ပျော်ရွှင်ပါတယ်၊ နည်းပြတောင်းဆိုတာကိုလည်း ကျွန်တော်လုပ်ဖို့အသင့်ပါပဲ၊ ကျွန်တော့်မှာရှိတာအားလုံးကို ပေးဆပ်သွားမှာပါ၊ မနက်ဖြန်ပွဲက အရမ်းပြင်းထန်မှာပါ၊ ရီးရဲလ်လို တောင့်တင်းတဲ့အသင်းနဲ့ကစားရတိုင်း တကယ်ကောင်းမွန်ပါတယ်၊ ဒါပေမယ့်လည်း ကျွန်တော်တို့အတွက် ပွဲအားလုံးက ဗိုလ်လုပွဲလိုပါပဲ" လို့ ဗီဒယ်က ပြောခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


Author


က္က