ဆွာရက်ဇ်ကတော့ လုပ်လိုက်ရင် အဆန်းတွေချည်းပဲ ဆိုတာမျိုးပါ။
Pyae Phyo Thein

ကျန်ကစားသမားတွေအားလုံးဟာ ကွင်းအပြင်ကိုမထွက်ဘဲ ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေခဲ့ပေမယ့် ဆွာရက်ဇ်ကတော့ ကွင်းပြင်ထိထွက်ကာ ကွင်းလယ်ဒိုင်ရဲ့နောက်ကနေ သူပါ VAR လိုက်ကြည့်နေခဲ့ပါတယ်။


ဘောလုံးလောကအတွင်း အငြင်းပွားချင်စရာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ ဆွာရက်ဇ်ကတော့ လိုကိုမိုးတစ်မော်စကိုနဲ့ပွဲမှာ ဟာသဆန်တဲ့ အဝါကတ်ပြားပြသခြင်းခံခဲ့ရပြန်ပါပြီ။ VAR ပြန်လည်ကြည့်ရှုနေတဲ့ ကွင်းလယ်ဒိုင်နဲ့ အနီးဆုံးနေရာမှာ ရှိနေခဲ့ပြီး သူပါလိုက်ကြည့်နေခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရတာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

အက်သလက်တီကိုက တစ်ဂိုးသွင်းယူထားပြီး ဦးဆောင်နေစဉ်မှာ ကွင်းလယ်လူဟက်တာဟာရဲရားရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ပယ်နယ်တီပေးသင့်၊ မပေးသင့်ဆိုတာကို ကွင်းလယ်ဒိုင်ဘက်စတီယန်က VAR ပြန်ကြည့်ခဲ့ပါတယ်။ ကျန်ကစားသမားတွေအားလုံးဟာ ကွင်းအပြင်ကိုမထွက်ဘဲ ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေခဲ့ပေမယ့် ဆွာရက်ဇ်ကတော့ ကွင်းပြင်ထိထွက်ကာ ကွင်းလယ်ဒိုင်ရဲ့နောက်ကနေ သူပါ VAR လိုက်ကြည့်နေခဲ့ပါတယ်။

စည်းကြပ်ဒိုင်က လာရောက်ဟန့်တားခဲ့ရာမှာတော့ ကွင်းလယ်ဒိုင်လူကြီးလည်း သတိထားမိခဲ့ပြီး ဆွာရက်ဇ်ကို အဝါကတ်ပြသကာ ကွင်းအတွင်းပြန်သွားဖို့ ညွှန်ကြားခဲ့ပါတယ်။ ပယ်နယ်တီကန်သွင်းခွင့်လည်း ကွင်းလယ်ဒိုင်က ခွင့်ပြုခဲ့ပြီး အဆိုပါသွင်းဂိုးကြောင့် တစ်ဖက်တစ်ဂိုးစီသရေပွဲဖြစ်ခဲ့ကာ အက်သလက်တီကိုအတွက်တော့ အငြင်းပွားချင်စရာ ပယ်နယ်တီဖြစ်ခဲ့ရပါတယ်။ 

ဆွာရက်ဇ်ကတော့ မကြာခဏဆိုသလို အငြင်းပွားစရာလုပ်ရပ်တွေကို ပြုလုပ်လေ့ရှိသူဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ဂါနာနဲ့့ပွဲမှာ ပြိုင်ဘက်ရဲ့ သေချာပေါက်ဂိုးရမယ့်အခွင့်အရေးကို လက်နဲ့တားဆီးခဲ့လို့ အနီကတ်ပြထုတ်ပယ်ခံခဲ့ရဖူးပါတယ်။ အေဂျက်ဇ်ကစားသမားဘဝမှာလည်း ပြိုင်ဘက် PSV ကစားသမားဘက်ကယ်လ်ကို ကိုက်ခဲ့လို့ ၇ ပွဲပယ်ခံခဲ့ရပါသေးတယ်။


၂၀၁၃ ခုနှစ်မှာလည်း ချယ်လ်ဆီးနောက်ခံလူအိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့မှု၊ ၂၀၁၄ ကမ္ဘာ့ဖလားမှာ အီတလီနောက်ခံလူချီလီနီကို ကိုက်ခဲ့မှုတွေကြောင့် ပွဲပယ်ပြစ်ဒဏ်အသီးသီးချမှတ်ခံခဲ့ရဖူးသူဖြစ်ပါတယ်။ 


Author


က္က