အစ္စတန်ဘူလ်ခံစစ်မှူးစကာတယ်လ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
Pyae Phyo Thein

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးမာရှယ်ကတော့ ဒီနေ့ညမှာ သူ့ကစားသမားဘဝကို ပြောင်းလဲစေခဲ့တဲ့ ခံစစ်မှူးတစ်ဦးကို နောက်တစ်ကြိမ်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ပွဲပယ်ခံထားရတဲ့ မာရှယ်ဟာ ချန်ပီယံလိဂ်မှာတော့ ပါဝင်ကစားခွင့်ရရှိမှာဖြစ်ပြီး ပွဲထွက်ခွင့်ရဖို့ကလည်း သေချာသလောက်ဖြစ်နေပါတယ် 

ဒီရာသီမှာ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ မာရှယ်အတွက်တော့ သူ့ရဲ့ကစားသမားဘဝမှာ အကောင်းဆုံးခြေစွမ်းပြကာ ကျော်ဖြတ်ပြနိုင်ခဲ့ဖူးတဲ့ ခံစစ်မှူးကို ရင်ဆိုင်ရမှာဖြစ်ပြီး ဒါဟာ သမိုင်းတပတ်လည်လာတာလားလို့ ထင်စရာဖြစ်လာခဲ့ရပါတယ်။ ဒီနေ့ညမှာ ယူနိုက်တက်ဟာ အစ္စတန်ဘူလ်နဲ့ ချန်ပီယံလိဂ်ပွဲကစားရမှာဖြစ်ပြီး ပြိုင်ဘက်အသင်းမှာ လီဗာပူးလ်နောက်ခံလူဟောင်း စကာတယ်လ် ပါဝင်နေတာဖြစ်ပါတယ်။ 

မာရှယ်ဟာ ယူနိုက်တက်အတွက် ၂၀၁၅ ခုနှစ်အတွင်းက လီဗာပူးလ်နဲ့ပွဲမှာ လူစားဝင်ခဲ့ပြီး ပထမဆုံးသောပွဲကို ကစားခွင့်ရရှိခဲ့ပါတယ်။ လူစားလဲလှယ်ဝင်ရောက်လာခဲ့ပြီးနောက် မာရှယ်ဟာ လီဗာပူးလ်နောက်ခံလူစကာတယ်လ်ကို အကောင်းဆုံးကျော်ဖြတ်မှုတွေပြုလုပ်ပြီး ၂ဂိုးအထိသွင်းယူခဲ့ကာ မမေ့နိုင်စရာ အမှတ်တရပွဲတစ်ပွဲဖြစ်လာခဲ့ပါတယ်။ 

ဧရိယာဘယ်ခြမ်းကနေ အတွင်းထဲကို ဆွဲဝင်ပြီး စကာတယ်လ်ကို လှလှပပလှည့်စားကာ မာရှယ်က ဂိုးသွင်းယူနိုင်ခဲ့ပြီး ယူနိုက်တက်ကစားသမားဘဝပွဲဦးထွက်ကို လှလှပပအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ စကာတယ်လ်က အစ္စတန်ဘူလ်ရဲ့ အဓိကခံစစ်မှူးအဖြစ်ကစားနေပြီး မာရှယ်ကို နောက်တစ်ကြိမ်ထိန်းသိမ်းရတော့မှာပါ။ 

ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၃ ဂိုးအထိ ရရှိခဲ့တဲ့ မာရှယ်က ဒီရာသီမှာ ခြေစွမ်းပျောက်နေပြီး ရုန်းကန်နေရပါတယ်။ ဒီအချိန်မှာ တချိန်က သူ ရင်ဆိုင်ကျော်ဖြတ်ပြီး ဂိုးသွင်းနိုင်ခဲ့ဖူးတဲ့ ခံစစ်မှူးနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ နောက်တစ်ကြိမ်သွင်းဂိုးတွေရယူပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 


Author


က္က