ဒီရာသီ ၄ ဂိုးသွင်းထားရာမှာ ၄ဂိုးစလုံးက ပယ်နယ်တီတွေဖြစ်နေခဲ့ပါတယ်။

ဒီရာသီမှာ ဘာစီလိုနာအတွက် ပယ်နယ်တီကနေသာ ဂိုးတွေရရှိနေပြီး open play ကတဆင့် ဂိုးမသွင်းနိုင်သေးတဲ့ မက်ဆီဟာ မနေ့က ကစားခဲ့တဲ့ ဒိုင်နမိုကိဗ်နဲ့ပွဲမှာလည်း ပယ်နယ်တီကနေ တစ်ဂိုးထပ်သွင်းယူခဲ့ပါတယ်။ ဒီသွင်းဂိုးဟာ မက်ဆီအတွက်တော့ ဒီရာသီချန်ပီယံလိဂ်မှာ အုပ်စုပွဲသုံးပွဲကစားအပြီး ပွဲတိုင်းဂိုးသွင်းယူထားနိုင်မှုဖြစ်ခဲ့ပါတယ်။



တနည်းအားဖြင့် ဘာစီလိုနာကလည်း ပွဲတိုင်းမှာ ပယ်နယ်တီရရှိနေခဲ့ပြီး မက်ဆီက အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ဒီရာသီမှာ ပြိုင်ပွဲစုံ ၉ ပွဲကစားအပြီး ၄ ဂိုးသွင်းယူထားရာမှာ ဂိုးအားလုံးကို ပယ်နယ်တီကရရှိထားခဲ့တာဖြစ်ပြီးတော့ ကစားကွက်ကတဆင့် သွင်းယူထားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ 

ဒါဟာ မက်ဆီရဲ့ ကစားဟန်ပြောင်းလဲမှုကြောင့်လို့လည်း ဝေဖန်သုံးသပ်သူတချို့က ဆိုခဲ့ပါတယ်။ မက်ဆီအနေနဲ့ ပြီးခဲ့တဲ့ရာသီတွေကလိုမျိုး ဂိုးသွင်းယူနိုင်ဖို့ထက် အသင်းကစားကွက်ကို ဦးဆောင်ဖို့နဲ့ ကစားကွက်ထဲ ပိုမိုလိုက်ပါနိုင်ဖို့ကို ပိုမိုဦးစားပေးလာတယ်လို့ဆိုခဲ့ကြပြီး မက်ဆီကိုယ်တိုင်ကလည်း အသင်းရဲ့ ကစားသမားတစ်ဦးအဖြစ် ပီပီပြင်ပြင်ဖြစ်လာဖို့ကို ကြိုးစားနေတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ 

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရာသီက မက်ဆီရဲ့ ဂိုးသွင်းနှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တော်တော်လေးကို နိမ့်ကျသွားခဲ့တာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ တစ်ပွဲတည်းမှာပဲ ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်အထိရရှိခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့မှုတွေရှိခဲ့လို့ ဂိုးသွင်းစွမ်းရည်ကျဆင်းနေပြီလားဆိုတဲ့ မေးခွန်းတွေလည်း ရှိလာခဲ့ပါတယ်။ 



အသက် ၃၃ နှစ်အရွယ် အာဂျင်တီးနားကြယ်ပွင့်ဟာ မနေ့က ပွဲစဉ်မှာလည်း ပြိုင်ဘက်ကစားသမားတစ်ဦးက သူ့ရှေ့ကနေ ဘောလုံးဆွဲပြေးယူခဲ့တာကို လမ်းလျှောက်ရင်းကြည့်နေခဲ့ပြီး တစ်ချက်လေးတောင် ဝင်ဟန့်တားခြင်းမရှိခဲ့လို့ ဝေဖန်မှုတွေလည်း ခံနေရပါတယ်။ ကွင်းလယ်နားလောက်မှာ မက်ဆီက လမ်းလျှောက်နေခဲ့တာဖြစ်ပြီး ဒိုင်နမိုကိဗ်ကစားသမားက သူ့ရှေ့ကနေပဲ ဘောလုံးကို ဆွဲပြေးယူသွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က