ဒူးဒဏ်ရာကြောင့် တရာသီလုံးအနားယူရဖွယ်တောင် ရှိနေပြန်ပါပြီ။
Pyae Phyo Thein

တကယ်လို့သာ ဂိုမက်ဇ်က ရာသီကုန်ထိ အနားယူခဲ့ရမယ်ဆိုရင်တော့ ကလော့ပ်အနေနဲ့ ဗဟိုခံစစ်ပိုင်းမှာ လူငယ်ကစားသမားတွေကို ခေါ်ယူအသုံးပြုရတော့မှာလည်းဖြစ်ပါတယ်။ 


အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်ခဲ့တဲ့ လီဗာပူးလ်နောက်ခံလူဂျိုးဂိုမက်ဇ်ဟာ ဒူးဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာကြောင့် တစ်ရာသီလုံးအနားယူရနိုင်တဲ့ အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။ ဒါဟာ ဗန်ဒိုက် ကာလရှည်အနားယူရနေရတဲ့အချိန်မှာ ခံစစ်ကစားသမားရှားပါးနေတဲ့ လီဗာပူးလ်အတွက် စိုးရိမ်စရာဖြစ်လာခဲ့ရပါပြီ။ 

အိုင်ယာလန်နဲ့ကစားမယ့် ခြေစမ်းပွဲအတွက် နောက်ဆုံးအကြိမ်လေ့ကျင့်ခန်းအစီအစဉ်မှာ ဂိုမက်ဇ်က ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့လည်း Daily Mail က ဖော်ပြခဲ့ပါတယ်။ တကယ်လို့သာ ဂိုမက်ဇ်က ရာသီကုန်ထိ အနားယူခဲ့ရမယ်ဆိုရင်တော့ ကလော့ပ်အနေနဲ့ ဗဟိုခံစစ်ပိုင်းမှာ လူငယ်ကစားသမားတွေကို ခေါ်ယူအသုံးပြုရတော့မှာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ ဗန်ဒိုက်ကလည်း ခွဲစိတ်ကုသမှုခံယူရပြီး တစ်ရာသီလုံးနီးပါး အနားယူရဖွယ်ရှိနေပါတယ်။ ညာအစွန်နောက်ခံလူအာနိုးလ်ကလည်း ခြေသလုံးဒဏ်ရာရရှိနေပြီး အနည်းဆုံးလေးပတ်အနားယူရမှာဖြစ်သလို ကွင်းလယ်ခံစစ်ကစားသမားဖာဘင်ဟိုကလည်း ပေါင်ဒဏ်ရာကြောင့် နိုင်ငံတကာပွဲစဉ်တွေ ပြီးဆုံးတဲ့ကာလအထိ အနားယူရမှာဖြစ်ပါတယ်။ 

ဗန်ဒိုက်နားနေရချိန်မှာ ဖာဘင်ဟို၊ ဟန်ဒါဆန်တို့ကို ဗဟိုခံစစ်မှာ ကလော့ပ်က ဂိုမက်ဇ်နဲ့ တွဲဖက်အသုံးပြုနေခဲ့ရပြီး အခုအခါ ဂိုမက်ဇ်ပါ ဒဏ်ရာထပ်ရခဲ့လို့ ခေါင်းကိုက်နေရပြီဖြစ်ပါတယ်။ ဒီရာသီမှာ ခံစစ်ပိုင်းစွမ်းဆောင်ရည် ကျဆင်းနေတဲ့ လီဗာပူးလ်အတွက် ခံစစ်ကစားသမားတွေ ဆက်တိုက်ဒဏ်ရာ ရနေလို့ လာမယ့်ပွဲတွေအတွက် တော်တော်လေးစိုးရိမ်စရာဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ 


Author


က္က