ဘာစီလိုနာမှာရှိစဥ် နှစ်ဦးသား ဆက်ဆံရေးက ပိုမို နီးကပ်စွာရှိခဲ့သလို အခု ဘာစီလိုနာမှာ မရှိတော့ပေမယ့် နှစ်ဦးကြား ဆက်ဆံရေးက အရင်လို ရင်းနှီးနေဆဲ ဖြစ်ပြီး အရင်လို ဘောလုံးအကြောင်းတွေထက် ဘဝအကြောင်း တွေတော့ ပိုပြောဖြစ်လာတယ်လို့ ဆွာရက်ဇ်က ပြောလာပါတယ်။
ကစားဖော်ဟောင်း မက်ဆီနဲ့ ဆက်ဆံရေး ဝေးကွာသွားခြင်းမရှိပဲ ဒီနေ့အထိ စကားတွေ ပြောဖြစ်နေပြီး အရင်လို တော့ ဘောလုံးအကြောင်းတွေ မဟုတ်တော့ပဲ ဘဝအကြောင်းတွေ ပြောဖြစ်တယ်လို့ အက်သလက်တီကို မက်ဒ ရစ်အသင်း တိုက်စစ်မှူး ဆွာရက်ဇ်က ထုတ်ဖော်ပြောလာပါတယ်။
ဆွာရက်ဇ်ကတော့ ယခုနွေရာသီစျေးကွက်မှာ ဘာစီလိုနာ အသင်းမှ အက်သလက်တီကိုမက်ဒရစ်အသင်းထံ ပြောင်းရွှေ့သွားသူ ဖြစ်ပြီး ဘာစီလိုနာမှာရှိစဥ် မက်ဆီနှင့်အတူ အကောင်းဆုံး တွဲဖက်ကစားနိုင်ခဲ့သူပါ။
အခုချိန်မှာ အသင်းမတူတော့ပေမယ့် နှစ်ဦးသား ဆက်ဆံရေး မအေးစက်သွားပဲ အရင်လို ရင်းနှီးနွေးထွေးနေဆဲ ဆိုတာကို ဆွာရက်ဇ်က ပရိသတ်တွေ သိနိုင်အောင် ပြောလာတာပါ။
“တကယ်တော့ ကျွန်တော်တို့ စကားတွေ အများကြီး ပြောဖြစ်နေဆဲပါ၊အရိုးသားဆုံးပြောရရင်တော့ အရင်လို ဘောလုံးအကြောင်းတွေတော့ မဟုတ်တော့ပါဘူး။ဘဝအကြောင်းတွေပိုပြောဖြစ်ပါတယ်။”လို့ ဆွာရက်ဇ်က Marca သတင်းဌာနကို ပြောပါတယ်။
အရင်ကလို နည်းစနစ်တွေအကြောင်းတွေ၊သွင်းဂိုးတွေအကြောင်းတွေ ပြောတာ နည်းသွားပြီး မိသားစုကို ကိုယ်စီ ဘယ်လိုပျော်ရွှင်အောင် ထားနိုင်မလဲဆိုတာတွေကို ပိုပြောဖြစ်နေတယ်လို့ ဆွာရက်ဇ်က ဆိုပါသေးတယ်။
“မကြာသေးခင်ကပဲ သူ့ကလေးရော ကျွန်တော့်ကလေးရော မွေးနေ့တွေ ဖြတ်သန်းခဲ့ကြရပါတယ်။ကျွန်တော်တို့ ဘဝအကြောင်းတွေ၊အခုကူးစက်နေတဲ့ ရောဂါပိုးအကြောင်းတွေနဲ့ အခြားအခြားသော အရာတွေကို ဘောလုံးထက် ပိုပြီး ပြောဖြစ်နေပါတယ်။ကျွန်တော်တို့ လွဲချော်သွားတဲ့ ဂိုးတွေအကြောင်း၊နည်းစနစ်၊နည်းဗျူဟာတွေအကြောင်း ကတော့ အရင်ကလောက် မပြောဖြစ်တော့ပါဘူး၊မိသားစုအရေးကို ဘောလုံးထက်ပိုပြီးစိုးရိမ်စိတ်ရှိစွာ ပြောဖြစ် လာပါတယ်။”လို့ ဆွာရက်ဇ်က ပြောပါတယ်။
ဆွာရက်ဇ်နဲ့ မက်ဆီကတော့ မကြာခင်မှာ ပြန်လည်တွေ့ဆုံဖွယ်ရှိပြီး ဒီတစ်ကြိမ်ကတော့ ပြိုင်ဖက်တွေအဖြစ် ဆွာရက်ဇ် ဘာစီလိုနာက ထွက်ခွာလာအပြီး ပထမဆုံး ပြန်လည်တွေ့ရမှာပါ။
ဒီပွဲကို လာမယ့် နိုဝင်ဘာ ၂၁မှာ အက်သလက်တီကိုအသင်းက အိမ်ကွင်းအဖြစ် ဘာစီလိုနာအသင်းကို ဧည့်ခံ ကစားသွားမှာပါ။