လာမယ့် ရက်သတ္တပတ်က အဆုံးအဖြတ်ဖြစ်လာမှာပါ။
Pyae Phyo Thein

ဘဏ္ဍာရေးပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ အသင်းကစားသမားတွေကို လစာလျှော့ချဖို့အတွက် ဆွေးနွေးမှုတွေက လက်ရှိအချိန်ထိ အဆင်မပြေဖြစ်နေပါတယ်။ ၃၀% အထိ လျှော့ချနိုင်ခဲ့ပါက ယူရို ၁၉၁သန်းအထိ သက်သာမယ့် ဒီအစီအစဉ်ကို အသင်းတာဝန်ရှိသူတွေက ကစားသမားတွေနဲ့ ညှိနှိုင်းနိုင်မယ်လို့ ယုံကြည်ခဲ့ကြတာပါ။ 

ဒါပေမယ်လည်း ကစားသမားတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းခဲ့ရာမှာတော့ ငြင်းဆန်မှုတွေကိုသာ ကြုံတွေ့ခဲ့ရပြီး အကျပ်ရိုက်စရာဖြစ်လာခဲ့ပါတယ်။ လစာအများဆုံးရရှိနေတဲ့ မက်ဆီအပါအဝင် အဓိကကစားသမားတွေကို လစာလျှော့ချဖို့ ဘာစီလိုနာက ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကလပ်အသင်းကိုယ်တိုင်ကလည်း ညှိနှိုင်းမှုမရခဲ့ဘူးလို့ သတင်းထုတ်ပြန်ခဲ့ကာ နိုဝင်ဘာလကုန်ပိုင်းထိ ကြိုးစားသွားမယ်လို့ ဆိုခဲ့ပါတယ်။ 

ဘာစီလိုနာဘက်က မဖြစ်မနေ လစာလျှော့ချမယ်ဆိုရင် ကစားသမားတွေကို အသင်းကထွက်ခွာခွင့်ပေးရနိုင်မယ့် အနေအထားမှာ ရှိနေတာကလည်း ကိုင်တွယ်ရခက်နေခဲ့ပါတယ်။ ဆွာရက်ဇ်နဲ့ ဗီဒယ်တို့ကို ရောင်းချခဲ့ခြင်းက လစာပေးချေမှုမှာ ယူရိုသန်း ၄၀ အထိ သက်သာခဲ့ပေမယ့် ဝင်ငွေအရပ်ရပ်နည်းပါးနေမှုတွေက ကျန်လစာငွေကို ပေးချေဖို့ ဘာစီလိုနာအတွက် မတတ်နိုင်တဲ့အခြေအနေကို ရောက်လာခဲ့ပါတယ်။ 

အတည်မပြုနိုင်သေးတဲ့သတင်းတွေအရဆိုရင် ကစားသမားလေးဦးကသာ လစာလျှော့ယူဖို့သဘောတူထားကြောင်း သိရပြီး အသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားတွေ၊ နှစ်အတန်ကြာကစားပေးခဲ့တဲ့ ကစားသမားတွေကတော့ ငြင်းဆန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြန်စဉ်းစားစရာရှိလာတာကတော့ ကိုဗစ်ကူးစက်မှုအမြင့်မားဆုံးအချိန်ဖြစ်ခဲ့တဲ့ မတ်လအတွင်းမှာလည်း ကစားသမားတွေဘက်က လစာ ၃၀% လျှော့ယူထားခဲ့ပြီး ၇၀%သာရရှိနေတာဖြစ်ပါတယ်။ 

ဒါကြောင့် ကျန်ရှိနေသေးတဲ့ လစာ ၇၀%ထဲကနေ နောက်ထပ် ၃၀% ကို ဖြတ်တောက်ဖို့ စီစဉ်လာမှုအပေါ်မှာ လက်သင့်မခံတာက ကစားသမားတွေဘက်က တင်းမာမှုကြောင့်မဟုတ်ဘူးလို့လည်း ဆိုရပါမယ်။ ကလပ်အသင်းအတွက်ကလည်း အဆိုပါပမာဏကိုပေးချေဖို့တောင် တော်တော်ခက်ခဲနေပြီး ဘာတိုမြူနဲ့ ဘုတ်အဖွဲ့နုတ်ထွက်မှု၊ ဝင်ငွေမရှိဘူး၊ မက်ဆီရဲ့အနာဂတ် အစရှိတဲ့ပြသနာတွေကလည်း ပေါက်ကွဲတော့မယ့် ယမ်းပုံကြီးလိုဖြစ်နေလို့ နူးကမ့်ကလပ်ရဲ့ အခြေအနေအရပ်ရပ်က တော်တော်လေးကို ဆိုးရွားနေတာပဲဖြစ်ပါတယ်။ 

ကစားသမားတွေကို လက်ရှိပေးချေနေတဲ့ လစာအတိုင်း မပေးနိုင်ခဲ့ဘူးဆိုရင်တော့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းရွှေ့ဖို့အတွက် ကြိုးစားလာတော့မှာဖြစ်ပြီး ဘာစီလိုနာအတွက်တော့ ၀ါးအစည်းပြေတဲ့အဖြစ်ကို ရင်ဆို်င်ရတော့မှာပါ။ ကစားသမားတွေက လစာလျှော့မယူဘူးဆိုရင် အသင်းက ဒေဝါလီခံရနိုင်တယ်ဆိုတာကို တာဝန်ရှိသူတချို့ကလည်း ဝန်ခံထားပြီး ညှိနှိုင်းမှုတွေအဆင်မပြေခဲ့ဘူးဆိုရင်တော့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကစားမယ့် အက်သလက်တီမက်ဒရစ်နဲ့ပွဲစဉ်က ကစားသမားတချို့အတွက် ဘာစီလိုနာကစားသမားဘဝ နောက်ဆုံးပွဲစဉ်တောင် ဖြစ်လာနိုင်ချေရှိတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ 

နိုဝင်ဘာလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ဘာစီလိုနာက ညှိနှိုင်းမှုတွေကို ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားကာ ဒါဟာ အေတီကိုနဲ့ကစားပြီး နောက်တစ်ရက်ပဲဖြစ်ပါတယ်။ သဘောတူညီချက်တွေသာ မရခဲ့ရင်တော့ အသင်းကထွက်ခွာသွားမယ့် ကစားသမားတွေရှိနေပြီး ဘယ်သူတွေက ဘာစီလိုနာအတွက် နောက်ဆုံးပွဲအဖြစ် ကစားမှုဖြစ်လာမလဲဆိုတာက စိတ်ဝင်စားစရာကောင်းလာခဲ့ပါပြီ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က