အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီတို့နဲ့ ရင်ဆိုင်ခဲ့တဲ့ ၁၄ပွဲဆက် ဂိုးပေါက်ပျောက်နေပါတယ်။
Pyae Phyo Thein

ရော်နယ်ဒိုဟာ အင်္ဂလန်၊ အီတလီ၊ ပြင်သစ် ဂျာမနီတို့လို အင်အားကြီးအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နောက်ဆုံး ၁၄ ပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့ဘူးလို့ သိရပါတယ်။


ခရစ္စတီယာနိုရော်နယ်ဒိုဟာ နိုင်ငံအသင်းအတွက် ပထမဆုံးအောင်မြင်မှုအဖြစ် ၂၀၁၆ ယူရိုဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပြီးနောက် နေးရှင်းလိဂ်ဖလားကိုပါ ထပ်မံကိုင်မြှောက်နိုင်ခဲပါတယ်။ ယူရို ၂၀၀၄ မှာ ဒုတိယနေရာ၊ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ထိတက်ရောက်နိုင်ခဲ့ဖူးတဲ့ မှတ်တမ်းတွေကို ရေးထိုးထားနိုင်ခဲ့ပြီး သူ့ရဲ့နိုင်ငံတကာသွင်းဂိုးက ၁၀၂ ဂိုးအထိ ရှိနေခဲ့ပါတယ်။ 

ဒါဟာ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ ရော်နယ်ဒိုက အလီဒါယီရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိကစားနေဆဲကစားသမားတွေထဲမှာ သူက ဂိုးသွင်းအများဆုံးကစားသမားအဖြစ်နဲ့လည်း ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုရဲ့ သွင်းဂိုးမှတ်တမ်းတွေကို ကြည့်မယ်ဆိုရင်တော့ ဥရောပအင်အားကြီးအသင်းတွေကို ဂိုးသွင်းယူနိုင်မှုနှုန်းက နည်းပါးနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

စပိန်သတင်းစာ AS ရဲ့ လေ့လာဖော်ပြချက်အရဆိုရင် ရော်နယ်ဒိုဟာ အင်္ဂလန်၊ အီတလီ၊ ပြင်သစ် ဂျာမနီတို့လို အင်အားကြီးအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နောက်ဆုံး ၁၄ ပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့ဘူးလို့ သိရပါတယ်။ ပြင်သစ်နဲ့ဆိုရင် ခြောက်ပွဲဆက်တိုက်ရင်ဆိုင်ခဲ့ရပြီး မိနစ်ပေါင်း ၄၀၀ ကျော်ကစားခဲ့ရပေမယ့် ဂိုးလုံးဝမသွင်းယူနိုင်ခဲ့ဘဲရှိနေခဲ့ပါတယ်။ 

၂၀၀၄ ခုနှစ်မှာ ရော်နယ်ဒိုက အင်္ဂလန်နဲ့ ပထမဆုံးအကြိမ်အဖြစ်ရင်ဆိုင်ခဲ့ဖူးပြီး နောက်ထပ်နှစ်နှစ်အကြာ ယူရိုပြိုင်ပွဲမှာလည်း ထပ်မံပြီး တွေ့ဆုံခဲ့ပါသေးတယ်။ အဆိုပါပွဲတွေမှာ သူ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့သလို ဘူဖွန်စောင့်ရှောက်နေခဲ့တဲ့ အီတလီဂိုးပေါက်ကိုဆိုရင် ဂိုးကန်သွင်းခွင့်တောင်မရခဲ့တဲ့အထိ ဆိုးရွားခဲ့တယ်လို့ မှတ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။ 

၂၀၀၄ နဲ့ ၂၀၀၈ ခုနှစ်တွေမှာလည်း ဂျာမနီနဲ့ နှစ်ကြိမ်ရင်ဆိုင်ခဲ့ဖူးပြီး ရော်နယ်ဒိုဂိုးပေါက်ပျောက်နေခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ထိပ်သီးအသင်းတွေနဲ့ တွေ့ဆုံမှုမှာ ထူးကဲတဲ့စွမ်းဆောင်ရည်ကတော့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ စပိန်ကို ဟက်ထရစ်သွင်းယူနိုင်မှုဖြစ်ပြီးတော့ ဖီဖာရဲ့ ကမ္ဘာ့အဆင့် ၁၀ အတွင်းဝင် အသင်းတွေကို ဂိုးသွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဆိုဆို ဥရောပထိပ်သီးအသင်းတွေက ရော်နယ်ဒိုကျော်ဖြတ်ဖို့ ခက်ခဲနေပြီး ဂိုးရဖို့ မလွယ်ကူဘူးဆိုတာကတော့ ထင်ရှားနေခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က