ဗလန်စီယာကို အဝေးကွင်းမှာ လေးဂိုးပြတ်အရေးနိမ့်ထားခဲ့တဲ့ ရီးရဲလ်ဟ ဒီနေ့ကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ပွဲမှာပဲ ပွဲအစတစ်မိနစ်ကတည်းက ဦးဆောင်ဂိုးရခဲ့ပေမယ့် အနိုင်ရအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ခြေစွမ်းပြနေတဲ့ ဗီလာရီးရဲလ်က တစ်မှတ်မရရအောင် ကစားသွားခဲ့လို့ လာလီဂါမှာ ရီးရဲလ်နိုင်ပွဲဆက်ပျောက်ခဲ့ပါတယ်။
ဘန်ဇီမာမကစားနိုင်လို့ ဒီယက်ဇ်ကို အထောင်တိုက်စစ်မှူးအဖြစ်ထည့်သွင်းခဲ့ရာမှာ ဒီယက်ဇ်က ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဟာဇက်လည်းပြန်လည်ပါဝင်လာခဲ့ပြီး မိုဒရစ်နဲ့ ခရူးစ်တို့ကွင်းလယ်အထိုင်နဲ့ ဇီဒန်းက ပြင်ဆင်ခဲ့ပေမယ့် စုစည်းမှုအားကောင်းနေတဲ့ ဗီလာရီးရဲလ်ကို အနိုင်ရဖို့တော့ မစွမ်းဆောင်နိုင်ခဲ့ဘဲ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ခြေစွမ်းအတက်ဘက်ရောက်နေတဲ့ ဗီလာရီးရဲလ်က အိမ်ကွင်းမှာ မာမာထန်ထန်တုံ့ပြန်ခဲ့ပြီး မိုရီနိုရဲ့ ပယ်နယ်တီသွင်းဂိုးနဲ့ တစ်ဂိုးစီသရေကျအောင် အားထုတ်နိုင်ခဲ့ပါတယ်။ ပွဲတိုင်းဂိုးပေးနေရတဲ့ ခံစစ်ပိုင်းကိုလည်း ဇီဒန်းမပြင်ဆင်နိုင်ခဲ့သလို ဗီလာရီးရဲလ်ကွင်းမှာ နိုင်ပွဲမရတာကလည်း လေးကြိမ်ဆက်တိုက်ရှိလာခဲ့ပြီး လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ရလဒ်မကောင်းခဲ့ဘူးဆိုရင်တော့ သူ့အတွက် ဖိအားတွေက ပိုမိုများပြားလာဦးမှာပဲဖြစ်ပါတယ်။