ဟာသာဘာလင်နဲ့ပွဲမှာ တစ်ဦးတည်းလေးဂိုးသွင်းခဲ့တာပါ။

ဒေါ့မွန်လူငယ်တိုက်စစ်မှူးဟာလန်းဟာ ဟာသာဘာလင်ကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် တစ်ဦးတည်းလေးဂိုးအထိသွင်းယူကာ ခြေစွမ်းပြသွားခဲ့ပါတယ်။ Golden Boy ဆုကို လက်ခံရရှိထားခဲ့တဲ့ ဟာလန်းဟာ သူ့ရဲ့အောင်မြင်မှုကို ကိုယ်တိုုင်သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ ဂုဏ်ပြုပြီး အောင်ပွဲခံနိုင်ခဲ့သလို အသင်းကိုလည်း နိုင်ပွဲရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ဟာသာဘာလင်က ပထမပိုင်းမှာ တစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ၁၅ မိနစ်အတွင်းမှာပဲ ဟာလန်းက ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။ အဲဒီနောက်မှာ နောက်ထပ်တစ်ဂိုးထပ်မံသွင်းယူခဲ့ပြီး လေးဂိုးအထိရရှိခဲ့ကာ ဂွာရဲရိုးက တစ်ဂိုးသွင်းယူခဲ့လို့ ဒေါ့မွန်တို့အဝေးကွင်းမှာ ၅-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အသက် ၂ဝအရွယ် နော်ဝေတိုက်စစ်မှူးက လက်ရှိကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားက သူ ဖြစ်နေပြီဆိုတာကို သက်သေပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီနဲ့ လက်ရှိရာသီနှစ်ခုပေါင်း ဘွန်ဒက်လီဂါပွဲစုစုပေါင်း ၂၂ပွဲမှာ ဟာလန်းက ၂၃ ဂိုးအထိရရှိခဲ့ပြီး အဆိုပါကာလအတွင်း သူ့ထက်ဂိုးပိုမိုသွင်းယူနိုင်သူက ဘိုင်ယန်တိုက်စစ်မှူးလီဝန်ဒေါစကီးတစ်ဦးတည်းသာရှိနေခဲ့ပါတယ်။ 

ဒီရာသီမှာလည်း ကလပ်နဲ့ နိုင်ငံအတွက် ဟာလန်းက ၁၄ ပွဲကစားပြီးချိန်မှာ ၁၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့ခြေစွမ်းပြသနေမှုတွေက ပိုပိုကောင်းမွန်လာနေပြီး ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ဦးရဲ့ ပုံစံမှာရှိနေကာ ဥရောပအသင်းကြီးတွေကို ကောင်းကောင်းဆွဲဆောင်နေပြီဖြစ်ပြီး ဒေါ့မွန်အတွက်တော့ သေချာပေါက်အကျိုးအမြတ်ရှိလာဦးမှာဖြစ်ပါတယ်။ 

Golden Boy ဆုကိုလည်း ထိုက်ထိုက်တန်တန်ဆွတ်ခူးထားခဲ့သလို တစ်ဦးချင်းစံချိန်ကောင်းအများအပြားကိုလည်း ရယူထားနိုင်ခဲ့ပြီးနောက် ဟာလန်းအပေါ် ဘောလုံးလောကတစ်ခုလုံးရဲ့ ချီးကျူးမှုတွေက ရှိနေခဲ့ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ အနားယူခဲ့မယ်ဆိုရင် ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ ဟာလန်းက ထင်ပေါ်လာမယ်လို့ ထင်ကြေးပေးခံထားရပြီး ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီကို ကောင်းကောင်းစိန်ခေါ်နိုင်မယ့် ကစားသမားလို့လည်း သတ်မှတ်ခံထားရပြီဖြစ်ပါတယ်။ 



က္က