မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ် ၄ အပြီးမှာတော့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်း ၄သင်း ပေါ်ထွက်လာခဲ့ပါပြီ။ အုပ်စုတွင်းမှာ အင်အားအကောင်းဆုံးလို့ ဆိုရမယ့် အသင်းတွေ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ကြတာဖြစ်ပြီး ဘာစီလိုနာနဲ့ဂျူဗင်တပ်စ်၊ ချယ်လ်ဆိးနဲ့ ဆီဗီလာတို့ဟာ ပွဲစဉ် ၂ပွဲအကျန်မှာပဲ ၁၆ သင်းအဆင့်ကိုရောက်ရှိခဲ့ပါတယ်။
ကျန်အုပ်စုနှစ်ခုမှာတော့ နောက်တဆင့်ကိုတက်ရောက်မယ့် အသင်းတွေက မသေချာသေးဘဲရှိနေပါတယ်။ ဒါပေမယ့် ဒေါ့မွန် နဲ့ လာဇီယိုတို့က အုပ်စုတွင်းမှာ အခြေအနေကောင်းနေပြီး ကလပ်ဘရုဂ်ကတော့ မျှော်လင့်ချက်နည်းနည်းရှိနေသေးကာ ဇင်းနစ်က ယူရိုပါလိဂ်မျှော်လင့်ချက်ပါ ကုန်ဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒေါ့မွန်၊ လာဇီယိုတို့က နောက်ကစားမယ့်ပွဲတွေကို အနိုင်ရတာနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်တော့မှာပါ။
ယူနိုက်တက်၊ ပီအက်စ်ဂျီ၊ လိုက်ဇစ်တို့အုပ်စုကလည်း စိတ်ဝင်စားစရာပါ။ အခန့်မသင့်ရင် ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ယူနိုက်တက်တို့ ယူရိုပါလိဂ်ကိုရောက်သွားနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။ ယူနိုက်တက်က လက်ရှိမှာ ၉ မှတ်ရရှိထားပြီး ပီအက်စ်ဂျီနဲ့ လိုက်ဇစ်က ၆ မှတ်စီရရှိထားလို့ပါ။ ယူနိုက်တက်ဟာ ပီအက်စ်ဂျီ၊ လိုက်ဇစ်တို့နဲ့ ကစားရမှာဖြစ်လို့ အမှားခံလို့မရသေးဘဲ အနည်းဆုံးတော့ သရေတစ်မှတ်ရအောင် ကစားထားနိုင်ဖို့ လိုအပ်နေပါတယ်။
ဒီနေ့ညမှာ နောက်ထပ်အုပ်စု ၄ ခုရဲ့ ပွဲစဉ်တွေ ထပ်မံကစားသွားမှာဖြစ်ပြီး ဘယ်အသင်းတွေ နောက်တဆင့်တက်မလဲ၊ အခြေအနေကောင်းရယူနိုင်မလဲ၊ ဘယ်အသင်းတွေ အုပ်စုမှာပဲ ကျန်နေရစ်ခဲ့မယ်ဆိုကို စောင့်ကြည့်ရဦးမှာပါ။