သူနဲ့ ခင်မင်ရင်းနှီးခဲ့တဲ့ ဂန္ထဝင်ကြီးအတွက် ဂုဏ်ပြုပေးခဲ့တာပါ။
Pyae Phyo Thein

Salt Bae ရဲ့ စားသောက်ဆိုင်ကို မာရာဒိုနာက သွားရောက်စားသောက်ခဲ့ဖူးကာ သူချက်ပြုတ်တဲ့ဟန်ပန်မျိုးကိုလည်း မာရာဒိုနာက လိုက်လံတုပမှုတွေ လုပ်ခဲ့ဖူးပါတယ်။ 


နာမည်ကျော်စားဖိုမှူးတစ်ဦးဖြစ်တဲ့ Salt Bae ဟာ ဒူဘိုင်းက သူပိုင်ဆိုင်တဲ့ စားသောက်ဆိုင်မှာ မာရာဒိုနာအတွက် သီးသန့်စားပွဲဝိုင်းတစ်ခုကို အမြဲတမ်းအဖြစ် ထားရှိပေးကာ ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။ Salt Bae ရဲ့ နာမည်ရင်းကတော့ Nusret Gokce ဖြစ်ပြီး တူရကီလူမျိုးတစ်ဦးဖြစ်ကာ နာမည်ကျော်ဘောလုံးသမားတွေကြား ရေပန်းစားတဲ့ စားဖိုမှူးတစ်ဦးလည်းဖြစ်ပါတယ်။ 



ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ မာရာဒိုနာရဲ့ အာဂျင်တီးနားအတွက်ကစားပေးနေတဲ့ ဓာတ်ပုံကို အဆိုပါစားပွဲမှာ တင်ထားခဲ့ပြီး ဖယောင်းတိုင်မီးထွန်းထားကာ ဒီစားပွဲဝိုင်းဟာ မာရာဒိုနာအတွက် သီးသန့်ဖြစ်တယ်လို့ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်ကို သူ့ရဲ့လူမှုကွန်ရက်ကနေ မျှဝေခဲ့တာလည်းဖြစ်ပါတယ်။ "ဒါက မာရာဒိုနာရဲ့ အကြိုက်ဆုံးစားပွဲနေရာပါ၊ မင်းအတွက် အမြဲတမ်း ဒီစားပွဲက သီးသန့်ရှိနေမှာပါ၊ ငြိမ်းချမ်းစွာအနားယူပါ ဂန္ထဝင်ကြီးရေ" လို့ သူက ရေးသားခဲ့ပါတယ်။ 


အများနဲ့မတူတဲ့ ချက်ပြုတ်မှုပုံစံတွေကြောင့် အချိန်တိုအတွင်းအောင်မြင်ကျော်ကြားလာခဲ့တဲ့ Salt Bae နဲ့ မာရာဒိုနာတို့ဟာ ရင်းနှီးသူတွေလည်းဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ မကြာခဏတွေ့ဆုံခဲ့ဖူးကြပါတယ်။ Salt Bae ရဲ့ စားသောက်ဆိုင်ကို မာရာဒိုနာက သွားရောက်စားသောက်ခဲ့ဖူးကာ သူချက်ပြုတ်တဲ့ဟန်ပန်မျိုးကိုလည်း မာရာဒိုနာက လိုက်လံတုပမှုတွေ လုပ်ခဲ့ဖူးပါတယ်။ 

အဆိုပါဓာတ်ပုံတွေကိုလည်း Salt Bae က ပြန်လည်မျှဝေခဲ့ပြီး မာရာဒိုနာအတွက် စိတ်မကောင်းဆိုခဲ့ပါသေးတယ်။ မာရာဒိုနာကတော့ အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရိစ်မြို့က သူ့ရဲ့နေအိမ်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နှလုံးဖောက်ပြန်ခဲ့ကာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့နာရေးကိုတော့ အာဂျင်တီးနား ပရိသတ်ထောင်ပေါင်များစွာလာရောက်ခဲ့ကြပြီး ဂုဏ်ပြုခဲ့ကြတာ တစ်နိုင်ငံလုံးယူကျုံးမရဖြစ်ခဲ့ရပါတယ်။ 

သမ္မတအိမ်တော်မှာ သူ့ရဲ့ရုပ်ကလာပ်ကိုထားရှိခဲ့ကာ ပရိသတ်တွေလာရောက်ကြည့်ရှူခွင့်ပေးခဲ့ပြီး ဗြူနိုအေးရိစ်မြို့ရဲ့ လမ်းမကြီးတွေမှာ သူ့ရဲ့ပရိသတ်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဘောလုံးလောကရဲ့ နာမည်ကျော်ကစားသမားအများအပြားကလည်း ဝမ်းနည်းကြောင်းဆိုခဲ့ကြပြီး အခုအခါ Salt Bae ကလည်း သူ့ဘက်က ပြုလုပ်ပေးနိုင်တဲ့ အကောင်းဆုံးဂုဏ်ပြုမှုနဲ့ မာရာဒိုနာရဲ့ ကြီးမြတ်မှုကို ဦးညွှတ်ခဲ့တာပဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က