မာရာဒိုနာပုံပါရှိလာနိုင်မယ့် ငွေစက္ကူ ပုံတူတွေကတော့ ကြိုတင် ပျံ့နှံ့နေပါပြီ။

ငွေစက္ကူတစ်ဖက်မှာ မျက်နှာပုံနဲ့ အခြားတစ်ဖက်မှာ အကျော်ကြားဆုံး သွင်းဂိုးတစ်ဂိုးသွင်းယူနေဟန်ကို ခတ်နှိပ် ဖော်ပြသင့်ပြီး တံဆိပ်ခေါင်းများလည်း ထုတ်ဝေသင့်တယ်လို့ အဆိုတင်သွင်းလာပါတယ်။

ငွေစက္ကူအသစ်များ ထပ်မံ ထုတ်လုပ်တဲ့အခါ အာဂျင်တီးနားနိုင်ငံရဲ့ ဂန္တဝင် ကစားသမားတစ်ဦး ဖြစ်တဲ့ မာရာဒိုနာ ပုံတူကို ခတ်နှိပ်သင့်တယ်လို့ အာဂျင်တီးနား အထက်လွှတ်တော် အမတ်တစ်ဦးက တင်ပြလာတယ်လို့ BBC သတင်းဌာနက ဖော်ပြလာပါတယ်။



မာရာဒိုနာကတော့ အသက် ၆၀အရွယ်မှာ နှလုံးရုတ်တရက်ဖောက်ပြီး ပြီးခဲ့တဲ့ ၂ပတ်အလွန်ကမှ ကွယ်လွန်သွားခဲ့ သူပါ။

သူဟာ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် အဓိက စွမ်း ဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အထက်လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်အမတ် ဒူရာဂိုက ဥပဒေ ကြမ်းကို တင်ပြခဲ့တာပါ။

၎င်းရဲ့ အဆိုမှာတော့ ငွေစက္ကူတစ်ဖက်မှာ မာရာဒိုနာရဲ့ မျက်နှာပုံကို ဖော်ပြချင်ပြီး နောက်တစ်ဖက်မှာတော့သူ့ရဲ့ အကျော်ကြားဆုံး သွင်းဂိုးတစ်ဂိုးပုံကို ဖော်ပြသင့်တယ်လို့ ပါရှိပါတယ်။

အဆိုပါ အကျော်ကြားဆုံး သွင်းဂိုးကိုတော့ ၁၉၈၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းဖက်ကို သွင်းယူတဲ့ ဒုတိယ သွင်းဂိုး သွင်းယူဟန်ကို ဖော်ပြသင့်တယ်လို့ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် မာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ မာရာဒိုနာ မျက်နှာပုံပါ တံဆိပ်ခေါင်းများလည်း ထုတ်ဝေသင့်တယ်လို့ အဆိုပါ လွှတ်တော်အမတ်က တင်သွင်းခဲ့ပါသေးတယ်။

ဒီလိုမျိုး ငွေစက္ကူပေါ်မှာ မာရာဒိုနာပုံကို တံဆိပ်ခတ်နှိပ် ထုတ်ဝေတာဟာ သူတို့ ချစ်တဲ့ ဂန္တဝင်ကြီးကို အသိအမှတ် ပြုရုံသာမက နိုင်ငံရဲ့ စီးပွားရေးကိုပါ တိုးတက်လာစေမယ်လို့ ယုံကြည်ထားပါတယ်။

ကမ္ဘာလှည့် ခရီးသည်တွေအနေနဲ့ အာဂျင်တီးနားနိုင်ငံကို ရောက်ရှိတဲ့အခါ မာရာဒိုနာရဲ့ ပုံပါရှိတဲ့ငွေစက္ကူကို အလိုရှိကြမှာပဲလို့လည်း ဆိုပါတယ်။

မာရာဒိုနာရဲ့ နာမည်အကျော်ကြားဆုံး သွင်းဂိုးတွေကတော့ ၁၉၈၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်မှာ အင်္ဂလန်အသင်းဖက်ကိုသွင်းယူခဲ့တဲ့ သွင်းဂိုး ၂ဂိုးစလုံး ဖြစ်ပါတယ်။

တစ်ဂိုးက လက်နဲ့ထိပြီး ဂိုးသွင်းယူခဲ့တာ ဖြစ်ပြီး အဆိုပါဂိုးကိုလည်းအာဂျင်တီးနား တစ်နိုင်ငံလုံးက ဘုရားပေး သော လက်ပိုင်ရှင်အဖြစ် မာရာဒိုကို တင်စားကြပါတယ်။

နောက်ထပ် တစ်ဂိုးကတော့ အင်္ဂလန် ကစားသမားတွေကို တစ်ကိုယ်တော် အစွမ်းနဲ့ ကျော်ဖြတ်ပြီး သွင်းယူခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ်။

ယခုတင်သွင်းတဲ့ အဆိုကိုတော့ လာမယ့် ၂၀၂၁ခုနှစ် အစောပိုင်းမှာ ဥပဒေပြုရေး အမတ်များက ဆုံးဖြတ်ချက် ပေးနိုင်ဖို့လည်း လွှတ်တော်အမတ် ဒူရန်ဂိုက မျှော်လင့်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က