မက်ဆီမပါဝင်နိုင်ချိန်မှာ ဘာစီလိုနာအသင်းရလဒ်ပိုင်းက စိတ်ပျက်စရာကောင်းနေခဲ့ပြီး အိမ်ကွင်းမှာ အီဘာရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပြီး နောက်ကလိုက်ကစားခဲ့ရပါတယ်။
ဘာစီလိုနာနဲ့ အီဘာတို့ရဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တဲ့ မက်ဆီဟာ အသင်းပွဲစဉ်ကို ပွဲကြည့်စင်ပေါ်ကနေသာ ကြည့်ရှုခဲ့ရပါတယ်။ မက်ဆီမပါဝင်နိုင်ချိန်မှာ ဘာစီလိုနာအသင်းရလဒ်ပိုင်းက စိတ်ပျက်စရာကောင်းနေခဲ့ပြီး အိမ်ကွင်းမှာ အီဘာရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပြီး နောက်ကလိုက်ကစားခဲ့ရပါတယ်။
ပွဲချိန်အစောပိုင်းမှာ ဘာစီလိုနာတို့ ပယ်နယ်တီရရှိခဲ့ပေမယ့် တိုက်စစ်မှူးဘရိတ်ဝေ့တ်လွဲချော်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ အီဘာက ဦးဆောင်ဂိုးအရင်သွင်းယူခဲ့ကာ ဘာစီလိုနာအတွက် ဒုတိယပိုင်းမှာ ဒမ်ဘီလီက ချေပခဲ့လို့ နူးကမ့်မှာ သရေတစ်မှတ်နဲ့ကျေနပ်ခဲ့ရပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာမှာသာ ရပ်တည်ခဲ့ရပြီး အက်သလက်တီကိုမက်ဒရစ်နဲ့ ၆ မှတ်ကွာဟနေဆဲဖြစ်ပါတယ်။
ရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အလွတ်ထွက်ခွာခွင့်ရရှိမယ့် မက်ဆီဟာ သူ့အနာဂတ်နဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ ဝေ၀ါးတွေဝေနေဆဲဖြစ်ပါတယ်။ ဘာစီလိုနာသာ ရလဒ်တွေကောင်းမွန်နေပြီး အသင်းကြီးတစ်သင်းပုံစံမှာရှိနေမယ်ဆိုရင် မက်ဆီက အသင်းမှာဆက်ရှိနေဖွယ်ရှိပေမယ့် လက်ရှိအခြေအနေအတိုင်းဆိုပါက အသင်းသစ်တစ်သင်းကိုသာ ရှာဖွေနိုင်ချေက ပိုမိုမြင့်မားနေပြီဖြစ်ပါတယ်။
နည်းပြသစ်ရော်နယ်ကိုးမန်းလက်ထက်မှာလည်း ဘာစီလိုနာရဲ့ အခြေအနေက ထင်မှတ်သလောက် တိုးတက်လာခြင်းမရှိဘဲ သက်ကြီးကစားသမားတွေအပေါ်မှာ မှီခိုနေရဆဲဖြစ်ပါတယ်။ ဒီရာသီ လာလီဂါမှာဆိုရင် အသင်းငယ်လေးတွေကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့သလို မဟာပြိုင်ဘက်ကြီးရီးရဲလ်ကိုလည်း အိမ်ကွင်းမှာပဲ အရေးနိမ့်ထားခဲ့ပြီးဖြစ်ပါတယ်။