၀ါရင့်ကစားသမားကြီးတွေအတွက် ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်ကတော့ မကြာခင်မှာကုန်ဆုံးပါတော့မယ်။ ကမ္ဘာကြီးရဲ့ တစ်နှစ်တာကာလပတ်အတွင်းမှာ မေ့ပျောက်လို့မရတဲ့အဖြစ်အပျက်တွေကလည်း အများကြီးဖြစ်ပျက်ခဲ့ပြီး အဲဒီအရာတွေအားလုံးကို မကြာခင်မှာ နှစ်သစ်နဲ့အတူ ခဝါချတော့မှာပါ။ ဒီလိုပါပဲ၊ ဘောလုံးလောကမှာဆိုရင်လည်း ၂၀၂၀ ခုနှစ်အတွင်းမှာ ထင်ရှားကျော်ကြားတဲ့ ဖြစ်ရပ်တွေအများကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ပရိသတ်တွေအားလုံးကို အံ့အားသင့်မှုတွေ၊ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ ရသမျိုးစုံပေးစွမ်းနိုင်ခဲ့ပါတယ်။ အဲဒီလို အဖြစ်အပျက်တွေအများကြီးထဲကမှ ၂၀၂၀ ခုနှစ်အတွင်း ထူးထူးခြားခြားခြေစွမ်းပြခဲ့တဲ့ သက်ကြီးကစားသမားတွေကို ဖော်ပြပေးချင်ပါတယ်။ ဒီရွေးချယ်မှုဟာ ကစားသမားတွေရဲ့ ကွင်းတွင်းခြေစွမ်း၊ ကွင်းပြင်ပဦးဆောင်နိုင်စွမ်းနဲ့ အသက်အရွယ်တွေအပေါ် အခြေခံပြီး ရွေးချယ်ခဲ့တာပါ။ Duwun Sports ရဲ့ ရွေးချယ်ဖော်ပြမှုဖြစ်ပြီး ပရိသတ်တွေရဲ့ ဆန္ဒနဲ့ ထပ်တူကျခဲ့မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။ ပရိသတ်တွေ အကြိုက်တွေ့တဲ့ ကစားသမား၊ ပါဝင်သင့်တဲ့ ကစားသမားတွေ မပါဝင်ခဲ့ဘူးဆိုရင်တော့ ဖြည့်စွက်နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ 


၁။ ဆာဂျီယိုရာမို့စ်

၂၀၁၉-၂၀ ဘောလုံးရာသီမှာ ရာမို့စ်က ရီးရဲလ်နဲ့အတူ လာလီဂါဖလားတစ်လုံးတည်းသာဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ၀ါရင့်နောက်ခံလူဟာ စံချိန်တင်သွင်းဂိုးတွေ၊ စံချိန်တင်ပွဲအရေအတွက်တွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ကလပ်နဲ့ နိုင်ငံအသင်းအတွက် အဓိကနေရာကနေ ပါဝင်နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီအတွက် ၂၀၂၀ ခုနှစ်တစ်ခုတည်းကို ကြည့်မယ်ဆိုရင် ရာမို့စ်က လာလီဂါပွဲ ၁၇ ပွဲကစားပေးခဲ့ပြီး ၈ ဂိုးသွင်းယူကာ တစ်ကြိမ်ဖန်တီးပေးခဲ့ပါတယ်။ ချန်ပီယံလိဂ်ပွဲ ၁ ပွဲတည်းသာ ကစားပေးခဲ့ရပြီး အဲဒီပွဲမှာတော့ ရာမို့စ်အနီကတ်ထိခဲ့ပါတယ်။ စပိန်ကိုပါဒယ်ရေးပွဲက ၂ပွဲ၊ စပိန်စူပါဖလားပွဲ ၂ပွဲပါဝင်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၂ ပွဲပါဝင်ကစားခဲ့ပါတယ်။ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ၂၀၂၀ ခုနှစ်အတွင်းမှာ ကစားခဲ့တာကတော့ ချန်ပီယံလိဂ်ပွဲ ၃ပွဲရှိခဲ့ပြီး ၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လာလီဂါမှာတော့ ၁၂ ပွဲပါဝင်ကစားပေးခဲ့ပြီး ၂ ဂိုးသွင်းယူထားပါတယ်။ ရာမို့စ်ရဲ့ သွင်းဂိုးအများစုဟာ ပယ်နယ်တီတွေကရရှိခဲ့တာဆိုပေမယ့်လည်း သူ့ရဲ့ ပယ်နယ်တီကန်သွင်းမှု ကျွမ်းကျင်တဲ့အချက်က လျှော့တွက်လို့တော့မရခဲ့ပါဘူး။ လာလီဂါမှာ ၁၆ ရာသီဆက်တိုက်ဂိုးသွင်းနိုင်မှု၊ စပိန်လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးကစားပေးထားတဲ့ စံချိန်တွေကို ပိုင်ဆိုင်ခဲ့တဲ့ ရာမို့စ်ဟာ ၂၀၂၀ ခုနှစ်မှာ အသက်အရွယ်နဲ့မလိုက်ဖက်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ဆဲဖြစ်ပြီး အခြားသောဗဟိုခံစစ်မှူးအားလုံးထက် ခေါင်းတစ်လုံးအသာမှာ ရှိနေဆဲဖြစ်ပါတယ်။


ခံစစ်ပိုင်းစွမ်းဆောင်ရည်အရဆိုရင်လည်း သူက အသင်းနောက်တန်းကို ဦးဆောင်နိုင်ဆဲဖြစ်ပြီး သူမပါဝင်တဲ့ပွဲတွေမှာ ရီးရဲလ်တို့ရလဒ်ဆိုးနေတာက ဒီစပိန်သားရဲ့ အရေးပါမှုကို အထင်းသားမြင်တွေ့စေရပါတယ်။ အထူးသဖြင့် ဒီရာသီမှာ ရလဒ်တွေဆက်တိုက်ဆိုးရွားနေပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်ကပါ တက်ရောက်နိုင်ဖို့ ရီးရဲလ်တို့ မသေမချာဖြစ်နေချိန်မှာ ရာမို့စ်ဦးဆောင်ပြီး အသင်းသားတွေကို အရေးပေါ်အစည်းအဝေးခေါ်ခဲ့ပြီး အသင်းအတွက် ပေးဆပ်ကစားဖို့ကို တိုက်တွန်းခဲ့ပါတယ်။ သူ့ရဲ့ အသင်းအပေါ် ဦးဆောင်နိုင်စွမ်း၊ သြဇာကြီးမားမှုနဲ့ အသ်းဖော်တွေကို နိုင်နင်းမှုတွေက ရီးရဲလ်အတွက် တော်တော်လေးအရေးပါခဲ့ပြီး ဒီနောက်ပိုင်းမှာ ရီးရဲလ်က ပြိုင်ပွဲစုံနိုင်ပွဲဆက်ခဲဲ့ပြီး ပြန်လည်ဦးမော့လာခဲ့ပါတယ်။ ကွင်းတွင်းခြေစွမ်း၊ သွင်းဂိုးတွေသာမက ကွင်းပြင်ပဦးဆောင်နိုင်မှုနဲ့ လှုံ့ဆော်နိုင်စွမ်းတွေက ရာမို့စ်ကို ထိပ်တန်းကစားသမားတစ်ဦးအဖြစ်နဲ့ ပိုပြီးပြည့်စုံစေခဲ့တာတော့ အမှန်ပဲဖြစ်ပါတယ်။ 


၂။ ဇလာတန်အီဘရာဟီမိုဗစ်

အသက် ၃၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆွီဒင်သားကြီးဟာ အပြောကြီးသလောက်၊ လေလုံးထွားသလောက် သူ့ရဲ့ခြေစွမ်းကောင်းမွန်မှုတွေကို ပြန်လည်ပြသနိုင်ခဲ့တဲ့ နှစ်ဖြစ်ခဲ့ပါတယ်။ သူ့ဆီကနေ အတွေ့အကြုံပဲရတော့မယ်လို့ အားလုံးကထင်မှတ်နေတဲ့အချိန်မှာ ဇလာတန်က ပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်အောင် ခြေစွမ်းပြကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ သူက စီးရီးအေပွဲပေါင်း ၁၈ ပွဲကစားပေးခဲ့ပြီး ၁၀ ဂိုးသွင်းကာ ၅ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ၁၈ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၁၅ ကြိမ်အထိရှိခဲ့တာဖြစ်လို့ သူ့အသက်အရွယ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် တကယ်ကို ချီးကျူးရမယ့် ခြေစွမ်းမျိုးလို့ ဆိုရပါမယ်။ ကိုပါအီတာလီယာဖလားပြိုင်ပွဲမှာလည်း ၃ပွဲကစားပြီး ၁ဂိုးသွင်းယူခဲ့ပါတယ်။ ဒီရာသီမှာဆိုရင်တော့ ဇလာတန်က စီးရီးအေ ၆ ပွဲတည်းသာ ကစားပေးထားပေမယ့် ၁၀ ဂိုးအထိ ရရှိထားပြီး ၁ ကြိမ်ဖန်တီးပေးထားပြီးဖြစ်ပါတယ်။ ယူရိုပါလိဂ် ၃ပွဲကစားထားကာ ၁ကြိမ် ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး တကယ်လို့သာ သူ ကစားပေးနေမယ်ဆိုရင် သူ့ဆီက ဒီထက်မကတဲ့ သွင်းဂိုးတွေကို မြင်တွေ့ရမှာသေချာပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာ ဇလာတန်က သွင်းဂိုးစုစုပေါင်း ၂၂ ဂိုးအထိရရှိခဲ့ပြီး အသက် ၄၀ နားကပ်နေတဲ့ သူ့ဆီကနေ ဒီလောက်ပမာဏအထိ ဂိုးတွေရနေခဲ့တာဟာ လိုတာထက်တောင်မှ ပိုနေတယ်လို့ ဆိုရပါလိမ့်မယ်။


ကိုဗစ်ကူးစက်ခံခဲ့ရသေးတဲ့ ဇလာတန်ဟာ ရောဂါပျောက်ကင်းခဲ့ချိန်မှာ ပိုပြီးသန်မာလာခဲ့ပါတယ်။ စီးရီးအေမှာ တစ်ပွဲကိုနှစ်ဂိုးနှုန်းသွင်းယူနိုင်မှုတွေကိုပါ ပြုလုပ်နိုင်တဲ့အထိ တောက်ပခဲ့ပြီး မီလန်မြို့မှာ သူ့ရဲ့ နတ်ဘုရားကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ခိုင်ခိုင်မာမာစိုက်ထူနိုင်ခဲ့ပါတယ်။ ထူးခြားဆန်းပြားတဲ့ စကားလုံးတွေနဲ့ လေကြီးလေကျယ်ပြောတတ်တဲ့သူရယ်လို့ နာမည်ရနေခဲ့တဲ့ ဇလာတန်ဟာ သွင်းဂိုးတွေနဲ့ ဝေဖန်သူတွေကို ပါးစပ်ပိတ်စေခဲ့ပါတယ်။ သူ့အသက်အရွယ်မှာ သူလို့မျိုးလုပ်ပြနိုင်သူက လက်ချိုးရေတွက်လို့ ရနေခဲ့ပြီး ဒါဟာ တခဏတောက်ပမှုမဟုတ်ခဲ့ဘူးဆိုတာကို သေချာပိုင်းခြားကြည့်မယ်ဆိုရင် မြင်နိုင်ပါတယ်။ ၂၀၂၀ ရဲ့ ပထမ ၈ လနဲ့ ဒုတိယ ၄ ဟာ ဘောလုံးရာသီ ၂ခုမှာ ခွဲထွက်ပါဝင်နေခဲ့ပြီး အဲဒီကာလတွေမှာ သူ့ရဲ့ သွင်းဂိုးအရေအတွက်ကို ကြည့်မယ်ဆိုရင် သူ့ရဲ့ခြေစွမ်းက မြင့်တက်လာခဲ့ပြီး ဒါကိုထိန်းသိမ်းနိုင်ခဲ့တယ်ဆိုတာကို အထင်အရှားတွေ့ရမှာပါ။ ဒီအတွက်ကြောင့်ပဲ ၂၀၂၀ အတွင်း ထူးထူးခြားခြားခြေစွမ်းပြခဲ့တဲ့ သက်ကြီးကစားသမားတွေရဲ့ စာရင်းထဲမှာ ဇလာတန်ကို ထည့်သွင်းခဲ့ရတာပဲဖြစ်ပါတယ်။ 


၃။ ရော်နယ်ဒို

ရော်နယ်ဒိုအကြောင်းကတော့ ပြောမဆုံးပေါင်တောသုံးထောင်ပါပဲ။ ၂၀၂၀ ခုနှစ်အတွင်းမှာ ကလပ်အတွက်ရော၊ နိုင်ငံအတွက်ပါ ဂိုးသွင်းစံချိန်တွေ တစ်ခုပြီးတစ်ခုရရှိခဲ့သလို ဆုတွေကလည်း တစ်ခုပြီးတစ်ခုရရှိခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိနေတဲ့ ရော်နယ်ဒိုကို ပရိသတ်တွေဘက်က လျှော့တွက်မှုတွေ ရှိနေခဲ့ပေမယ့် ပေါ်တူဂီစူပါစတားကတော့ ထိပ်တန်းအဆင့်ကနေ သူ မယုတ်လျော့သေးဘူးဆိုတာ သွင်းဂိုးတွေနဲ့ သက်သေပြခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ဆိုရင် သူက Globe Soccer ရဲ့ ရာစုနှစ်အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသလို ရွှေခြေထောက်ဆုကိုလည်း ပိုင်ဆိုင်ထားခဲ့ပါသေးတယ်။ ကလပ်အသင်းသမိုင်းမှာ စံချိန်မှတ်တမ်းသစ်တွေလည်း ရယူပြခဲ့ပြီး သူ မအိုသေးဘူးလို့ အားလုံးကိုဟစ်ကြွေးပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ ၂၀၂၀ ခုနှစ်အတွင်း သွင်းဂိုးတွေကို ကြည့်မယ်ဆိုရင် ချန်ပီယံလိဂ် ၂ပွဲမှာ ၂ဂိုး၊ စီးရီးအေ ၁၉ ပွဲမှာ ၂၁ ဂိုးနဲ့ ကိုပါအီတာလီယာ ၄ ပွဲမှာ ၂ဂိုးအထိရရှိခဲ့ပါတယ်။ ဒီရာသီရဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာဆို စီးရီးအေ ၁ဝပွဲမှာ ၁၂ ဂိုး၊ ချန်ပီယံလိဂ် ၄ ပွဲမှာ ၁ ဂိုးရရှိထားခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း သူ့ရဲ့ ပြိုင်ပွဲစုံကလပ်သွင်းဂိုးက ၃၈ ဂိုးအထိရှိခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပေမယ့်လည်း ပျောက်ကင်းခဲ့တဲ့နောက် သူ့ခြေစွမ်းက အရင်ကထက်ပိုပြီးကောင်းမွန်လာခဲ့ပြီး အသင်းရဲ့ မရှိမဖြစ်ကစားသမားအဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်။ လက်ရွေးစင်အသင်းနဲ့လည်း နိုင်ငံတကာသွင်းဂိုးက ၁၀၀ ပြည့်မြောက်ခဲ့ပြီးဖြစ်သလို ပီလီရဲ့ ဂန္ထဝင်မှတ်တမ်းကို ကျော်ဖြတ်နိုင်ဖို့ကလည်း အနီးစပ်ဆုံးအနေအထားကို ရောက်နေပြီဖြစ်ပါတယ်။ စီးရီးအေ ပွဲစဉ် ၁၃ အဖြစ် ပါးမားနဲ့ ကစားခဲ့တဲ့ပွဲမှာ ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်ပြီးတော့ ခေါင်းတိုက်သွင်းဂိုးတစ်ဂိုး ထပ်သွင်းပြခဲ့ပါသေးတယ်။ ပြက္ခဒိန်တစ်နှစ်အတွင်း ရော်နယ်ဒို ရရှိခဲ့တဲ့ အဓိကစံချိန်မှတ်တမ်းက ၅ ခုအထိရှိနေခဲ့ပါတယ်။ 


ပထမတစ်ခုကတော့ စီးရီးအေမှာ ဂိုးပေါင်း ၅၀ ကို အမြန်ဆုံးပြည့်မြောက်အောင် သွင်းယူနိုင်သူအဖြစ် ၆၁ ပွဲနဲ့ မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မတူညီတဲ့ ထိပ်သီးလိဂ် ၃ ခုမှာ ဂိုးပေါင်း ၅၀ နဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်ခဲ့တာပါ။ တတိယတစ်ခုကတော့ စီးရီးအေမှာ ပေါ်တူဂီသားတစ်ဦးအနေနဲ့ ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ကယ်ဂလီယာရီနဲ့ပွဲမှာ ဒီစံချိန်ကို ရရှိခဲ့တာပါ။ လေးခုမြောက်စံချိန်ကတော့ ဂျူဗင်တပ်စ်အတွက် ဘောလုံးရာသီတစ်ခုအတွင်းမှာ ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် ၃၇ ဂိုးနဲ့ မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး နောက်ဆုံးတစ်ခုကတော့ စီးရီးအေ ၁၁ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ကာ ဘာတစ္စတူတာနဲ့ ကွာဂလီရယ်လာတို့ရဲ့ စံချိန်ကို လိုက်မီခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ စီးရီးအေတို့မှာ ၁၁ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်နဲ့လည်း သူက မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆုဖလားအောင်မြင်မှုအရ ရော်နယ်ဒိုဟာ စီးရီးအေဖလားတစ်လုံးတည်းနဲ့သာ ကျေနပ်ခဲ့ရပေမယ့် တစ်ဦးချင်းမှတ်တမ်းတွေကတော့ ကျေနပ်အားရစရာကောင်းခဲ့ပြီး အသက် ၃၅ နှစ်အရွယ်နဲ့ မယုံကြည်နိုင်လောက်အောင် လုပ်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 


၄။ လီဝန်ဒေါစကီး

တစ်ရာသီအတွင်းမှာ သွင်းဂိုးပေါင်း ၅၅ ဂိုးအထိ ရရှိခဲ့ပြီး ဘိုင်ယန်နဲ့အတူ သမိုင်းဝင်အောင်မြင်မှုဖြစ်တဲ့ တစ်ရာသီအတွင်း ဖလားသုံးလုံးတစ်ပြိုင်တည်းရရှိခဲ့တဲ့ အောင်မြင်မှုမှာ လီဝန်ဒေါစကီးက အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိနေလို့ ရော်နယ်ဒို၊ ဇလာတန်တို့ထက် အများကြီးငယ်ရွယ်တယ်လို့ ဆိုနိုင်ပေမယ့် ကစားသမားတစ်ဦးအနေနဲ့ရော၊ တိုက်စစ်မှူးတစ်ဦးအနေအထားနဲ့ပါဆိုရင် သူ့ရဲ့အကောင်းဆုံးအချိန်တွေက ကုန်လွန်ခဲ့ပြီလို့ ယေဘုယျအားဖြင့် သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့်လည်း လီဝန်ဒေါစကီးရဲ့ အကောင်းဆုံးအချိန်ဟာ ပြီးခဲ့တဲ့ရာသီကမှ စတင်ခဲ့တာဖြစ်ပြီး အံ့မခန်းထူးခြားတဲ့ခြေစွမ်းတွေကို ပြသခဲ့လို့ ဒီစာရင်းမှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ပိုလန်တိုက်စစ်မှူးဟာ ဘွန်ဒက်လီဂါရဲ့ ဂိုးသွင်းစံချိန်တွေကို ကျော်ဖြတ်ရိုက်ချိုးခဲ့တဲ့အပြင် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာလည်း သူပါဝင်ကစားတဲ့ပွဲတိုင်း ဂိုးသွင်းနိုင်တဲ့ စံချိန်ကို ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ ဘွန်ဒက်လီဂါသွင်းဂိုး ၃၄ ဂိုးမှာ ၂၀၂၀ အတွင်း သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်က ၁၅ ဂိုးရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ၅ ဂိုး၊ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲမှာ ၅ ဂိုးနဲ့ စုစုပေါင်း ၂၅ ဂိုးရခဲ့ပါတယ်။ ဒီရာသီမှာဆိုရင်လည်း ဘွန်ဒက်လီဂါမှာ ၁၂ ပွဲသာကစားထားပေမယ့် သွင်းဂိုးက ၁၇ ဂိုးအထိ ရှိနေပါပြီ။ ချန်ပီယံလိဂ်မှာ ၃ ဂိုး၊ ဥရောပစူပါဖလားပြိုင်ပွဲမှာ ၁ဂိုးနဲ့ စုစုပေါင်း ၂၁ ဂိုးရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ၁၅ ဂိုးနဲ့ ပေါင်းမယ်ဆိုရင် သူ့ရဲ့ ၂၀၂ဝအတွင်း ကလပ်သွင်းဂိုးက ၃၆ ဂိုးအထိရှိနေခဲ့ပါပြီ။ ဒါဟာ ရော်နယ်ဒိုထက် ၂ဂိုးတည်းသာ လျော့နည်းနေတာဖြစ်ပြီး

ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ဦးရဲ့ ခြေစွမ်းမျိုးကို ပိုလန်သားကြီးက ပြသနိုင်ခဲ့ပါတယ်။


ဒါကြောင့်လည်းပဲ ဖီဖာက ပေးအပ်ချီးမြှင့်တဲ့ The Best ဆုကို ရရှိခဲ့သလို Globe Soccer ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ ချန်ပီယံလိဂ်အကောင်းဆုံးတိုက်စစ်မှူး အစရှိတဲ့ တစ်ဦးချင်းဆုတွေကိုပါ သူ ရရှိခဲ့ပါတယ်။ လီဝန်ဒေါစကီးအတွက် နှမျောစရာကောင်းခဲ့တာက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘလွန်းဒီအောဆုပေးပွဲမကျင်းပနိုင်ခဲ့တာဖြစ်ပြီး သူ သေချာပေါက် ရရှိမယ်လို့ ပရိသတ်တွေကိုယ်တိုင် ထင်ကြေးပေးနေခဲ့ကြပြီး ဆုမရရှိခဲ့တဲ့အပေါ်မှာ အားလုံးက စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ခြေစွမ်းအပေါ် အားလုံးက အသိအမှတ်ပြုလေးစားခဲ့ကြရပြီး ကမ္ဘာ့အဆင့်တိုက်စစ်မှူးအဖြစ်နဲ့လည်း စာရင်းသွင်းခဲ့ကြပါတယ်။ လီဝန်ဒေါစကီးက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ထိပ်တန်းအဆင့်တိုက်စစ်မှူးအဖြစ် စာရင်းပေါက်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီက သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးဘောလုံးရာသီဖြစ်ခဲ့တာပါ။ အသက်ကြီးမှ ကံပေါ်တယ်ပဲဆိုရမလားလောက်အောင် အမြင့်ဆုံးအဆင့်ခြေစွမ်းကို ပြသခဲ့ပြီး အသင်းလိုက်အောင်မြင်မှုရော၊ တစ်ဦးချင်းအောင်မြင်မှုတွေကိုပါ အများကြီးရရှိခဲ့ပါတယ်။ ရော်နယ်ဒို၊ မက်ဆီတို့ လောင်းရိပ်မိနေတဲ့ ဘောလုံးကမ္ဘာထဲမှာ လီဝန်ဒေါစကီးက ခေါင်းထောင်လာခဲ့ပြီး ဒီရာသီမှာလည်း သူ့ခြေစွမ်းက ပြီးခဲ့တဲ့ရာသီကအတိုင်း ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ရော်နယ်ဒို၊ မက်ဆီတို့ မှေးမှိန်စပြုလာတဲ့အချိန်မှာ လီဝန်ဒေါစကီးက တောက်ပနေခဲ့ပြီး လက်ရှိပုံစံကိုသာ ဆက်ထိန်းထားနိုင်ခဲ့မယ်ဆိုရင် ရော်နယ်ဒိုလို အသက် ၃၅ နှစ်အရွယ်ထိ ထိပ်တန်းအဆင့်မှာ ရှိနေမယ့် လီဝန်ဒေါစကီးကို

မြင်တွေ့ရမှာ အသေအချာပါပဲ။



က္က