၂၀၂၃ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြုင်သွားမှာပါ။
Pyae Phyo Thein

ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးအဖြစ် ထင်ရှားကျော်ကြားခဲ့တဲ့ ချီလာဗက်ဟာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၆၇ ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။


ပါရာဂွေးလက်ရွေးစင်အသင်းရဲ့ နာမည်ကျော်ဂိုးသမားဟောင်းကြီးဖြစ်တဲ့ ချီလာဗက်ဟာ ၂၀၂၃ ခုနှစ် ပါရာဂွေးသမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးအဖြစ် ထင်ရှားကျော်ကြားခဲ့တဲ့ ချီလာဗက်ဟာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၆၇ ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

အလွတ်တည်ကန်ဘောတွေ၊ ပယ်နယ်တီပြစ်ဒဏ်ဘောတွေကို ကိုယ်တိုင်ကန်သွင်းတတ်သူအဖြစ်နဲ့ ကျော်ကြားခဲ့တဲ့ ချီလာဗက်ဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီးမှ အနားယူခဲ့သူဖြစ်ပါတယ်။ ချီဂွေဗာရားကို လေးစားသူတစ်ဦးဖြစ်တဲ့ ချီလာဗက်ကို သူ့ရဲ့ ပရိသတ်တွေနဲ့ အသင်းဖော်တွေက အနာဂတ်မှာ ပါရာဂွေးသမ္မတဖြစ်လာလိမ့်မယ်လို့ မကြာခဏပြောဆိုလေ့ရှိခဲ့ပါတယ်။

ပါရာဂွေးအစိုးရတာဝန်ရှိသူတွေရဲ့ နှစ်ပေါင်းများစွာ အဂတိလိုက်စားမှုတွေ ရှိခဲ့တဲ့နောက် ဂိုးသမားဟောင်းကြီးဟာ ကွန်ဆာဗေးတစ်သမ္မတ မာရီယိုအက်ဘ်ဒိုဘင်နီတက်ဇ်နဲ့ လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သွားမယ်လို့ ခရစ္စမတ်အကြိုနေ့က ကြေညာခဲ့တာဖြစ်ကြောင်း 90 min သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ပါရာဂွေးနိုင်ငံမှာ စာသင်ကျောင်းတွေ၊ ကျန်းမာရေးအဆောက်အအုံတွေသာ လိုအပ်တယ်လို့ အစဉ်တစိုက်ပြောဆိုခဲ့တဲ့ ချီလာဗက်ဟာ ကိုပါအမေရိကဖလားပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ကို ဆန့်ကျင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲတွေအတွက် ကုန်ကျမယ့်စရိတ်တွေကို နိုင်ငံရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသင့်တယ်လို့ ယုံကြည်နေသူလည်းဖြစ်ပါတယ်။

စပိန်ကလပ် ရီးရဲလ်ဇာရာဂိုဇာ၊ ပြင်သစ်ကလပ် စထရာဘော့ဂျ်တို့နဲ့အတူ ဥရောပမှာလည်း ကျင်လည်ခဲ့ဖူးတဲ့ ချီလာဗက်တစ်ယောက် ပါရာဂွေးသမ္မတတစ်ဦးအဖြစ်နဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ထွက်ပေါ်လာနိုင်မလားဆို စိတ်ဝင်စားဖို့ကောင်းနေပြီဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က