အသင်းကြီးရဲ့ ဝန်ထမ်းနှစ်ဦးမှာကိုဗစ်တွေ့ရှိခဲ့တာကြောင့် ယနေ့(အင်္ဂါနေ့)မှာ တစ်သင်းလုံးကို ဆေးထပ်မံ စစ်ရတော့မှာ ဖြစ်လို့ လေ့ကျင့်ရေးအစီအစဥ်ကို ရွှေ့ဆိုင်းလိုက်ရတာပါ။
အင်္ဂါနေ့(ယနေ့)မှာ ပြုလုပ်ရမယ့် အသင်းရဲ့လေ့ကျင့်ရေး အစီအစဥ်ကို ကိုဗစ်ကြောင့် ဘာစီလိုနာအသင်း ရွှေ့ဆိုင်း လိုက်ရတယ်လို့ Goal.com ကဖော်ပြလာပါတယ်။
ကတ္တလန်အသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဘီဘာအိုအသင်းနဲ့ အဝေးကွင်းကစားရဖို့ရှိနေပေမယ့်လည်း ဒီနေ့မှာ ကစားသမားတွေ အားလုံး ကိုဗစ်စစ်ရတော့မှာ ဖြစ်လို့ လေ့ကျင့်ခန်း မလုပ်နိုင်တော့တာပါ။
အကြောင်းကတော့ အသင်းရဲ့ ဝန်ထမ်းနှစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး အခြား ဆက်စပ်မှုတွေကို ဖော်ထုတ်နိုင်ဖို့ အတွက် အားလုံးကို ကိုဗစ်စစ်ဆေးမှု ရယူသွားရမှာပါ။
“ကိုဗစ် စစ်ဆေးမှုရလဒ်ကို တနင်္လာနေ့က သိရှိမှုအရ ပထမအသင်းကြီးရဲ့ ဝန်ထမ်း ၂ဦးမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့ရပါ တယ်။ဒါကြောင့် ကလပ်အသင်းအနေနဲ့ အားကစားနှင့်ကျန်းမာရေး အဖွဲ့အစည်းရဲ့ညွှန်ကြားချက်တွေကို လိုက်နာ သွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် ကျန်းမာရေး လမ်းစဥ်အရလည်း တစ်သင်းလုံးကို ဆေးဆက်လက်စစ်ဆေးမှာဖြစ်လို့ ယနေ့(အင်္ဂါနေ့)လေ့ကျင့်ရေးအစီအစဥ်ကို ဖျက်သိမ်းလိုက်ရပါတယ်။”လို့ ကလပ်အသင်းက တရားဝင် ဝက်ဘ်ဆိုဒ် မှတဆင့် ထုတ်ပြန်ပေးလာပါတယ်။
ဒါကြောင့် လေ့ကျင့်ရေးအသစ်နဲ့ တဆက်တည်းမှာ လုပ်ရမယ့် ဘီဘာအိုအသင်းနဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲ အခမ်းအနားကိုတော့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ဆက်လက်ပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။
ရော်နယ်ကိုးလ်မန်းရဲ့ ဘာစီလိုနာအသင်းကတော့ လာလီဂါ နောက်ဆုံး ၆ပွဲဆက် ရှုံးပွဲမရှိထားပဲ ဗလင်စီယာနဲ့ အီ ဘာကိုတော့ သရေကျထားပါတယ်။
လက်ရှိမှာလည်း လာလီဂါ ၁၆ပွဲကစားအပြီး ၈ပွဲနိုင် ၄ပွဲသရေ ၄ပွဲရှုံးပြီး ရမှတ် ၂၈မှတ်နဲ့ အဆင့် ၅နေရာမှာ ရပ် တည်နေပါတယ်။