အသင်းသစ်နဲ့အတူ အလုပ်ရှုပ်နေတဲ့ ပိုချက်တီနိုက သူ့ရဲ့ပထမဦးစားပေးလုပ်ငန်းဟာ နေမာအတွက် အကောင်းဆုံးနေရာကို ရှာဖွေနေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့ နည်းပြသစ်ပိုချက်တီနိုဟာ ပြင်သစ်ကလပ်ကို တရားဝင်ရောက်ရှိခဲ့ပြီးနောက်မှာ အချိန်ဆိုင်းမနေတော့ဘဲ အသင်းနဲ့အတူ လေ့ကျင့်မှုတွေကို စတင်နေခဲ့ပြီးဖြစ်ပါတယ်။ နည်းပြလောကနဲ့ ၂နှစ်နီးပါးကြာ ဝေးကွာခဲ့တဲ့နောက် ပိုချက်တီနိုဟာ ဥရောပအင်အားကြီးအသင်းကို ကိုင်တွယ်ခွင့်ရရှိလာခဲ့ပြီး ကမ္ဘာကျော်ကစားသမားတချို့နဲ့ ပူးပေါင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
အသင်းသစ်နဲ့အတူ အလုပ်ရှုပ်နေတဲ့ ပိုချက်တီနိုက သူ့ရဲ့ပထမဦးစားပေးလုပ်ငန်းဟာ နေမာအတွက် အကောင်းဆုံးနေရာကို ရှာဖွေနေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပီအက်စ်ဂျီရဲ့ အဓိကကစားသမားဖြစ်တဲ့ နေမာကို ဘယ်နေရာမှာ ထားကစားရင် အကောင်းဆုံးဖြစ်လာမလဲဆိုတဲ့ အဖြေကို ပိုချက်တီနိုက ရှာဖွေနေတာလည်းဖြစ်ပါတယ်။
"အသင်းနဲ့အတူ နေမာက လေ့ကျင့်ခန်းပြန်ဆင်းချိန်မှာ သူ့ရဲ့အကောင်းဆုံးနေရာက ဘယ်နေရာလည်းဆိုတာကို ကျွန်တော်တို့ရှာဖွေရပါလိမ့်မယ်၊ ဒါဆိုရင် သူက ပိုပြီးကောင်းသထက်ကောင်းမွန်လာနိုင်ပါတယ်၊ စနစ်တွေနဲ့ပတ်သက်ပြီး ပြောရတာကို ကျွန်တော်တို့မနှစ်သက်ပါဘူး၊ ပွဲအပေါ်၊ ဖန်တီးမှုတွေအပေါ်မှာပဲ ကျွန်တော်တို့ အလုပ်လုပ်မှာပါ"
"ဒါဆို နေမာအပါအဝင် ကစားသမားအားလုံးက အကောင်းဆုံးဖြစ်လာမှာပါ၊ သူတို့အားလုံးက ခေါင်းဆောင်တွေပါပဲ၊ မတူညီတဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေရှိကြပြီး အသင်းအတွက် ခေါင်းဆောင်တွေ ပိုပြီးလိုအပ်ပါတယ်၊ ကွင်းထဲမှာပဲဖြစ်ဖြစ်၊ အဝတ်လဲခန်းထဲမှာဖြစ်ဖြစ် ခေါင်းဆောင်တွေရှိနေရင် အသင်းအတွက် အကျိုးဖြစ်လာမှာပါ" လို့ ပိုချက်တီနိုက သူ့ရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ နေမာဟာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး အသင်းကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ ပိုချက်တီနိုက အသင်းအတွက် ကစားသမားသစ်တချို့ခေါ်ယူဖို့ ကြိုးစားနေပြီး မက်ဆီ၊ အဲရစ်ဆန်၊ ဒယ်လီအလီတို့က အဓိကပစ်မှတ်ဖြစ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။