ဘရက်စ်ကို ၃ ဂိုးပြတ်နဲ့ PSG က အနိုင်ရရှိခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့နည်းပြသစ်ပိုချက်တီနိုဟာ အသင်းသစ်နဲ့အတူ ပထမဆုံးနိုင်ပွဲကို စတင်ရရှိခဲ့ပြီဖြစ်ပါတယ်။ ဘရက်စ်အသင်းကို ၃-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး ပွဲဦးထွက်မှာ သရေနဲ့သာ ကျေနပ်ခဲ့ရတဲ့ ပိုချက်တီနိုအတွက် နိုင်ပွဲစတင်ရရှိခဲ့မှုဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လိုင်ယွန်ကလည်း သရေကျခဲ့လို့ ရမှတ်ကွာဟချက်လည်း အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ပြီဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့တဲ့ အီကာဒီနဲ့ ဆာရာဘီရာတို့ရဲ့ သွင်းဂိုးတွေကြောင့် မွိုက်ကီးန်ရဲ့ သွင်းဂိုးတစ်ဂိုးတည်းသာရရှိထားတဲ့ ပီအက်စ်ဂျီတို့ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပိုချက်တီနိုကတော့ အသင်းနိုင်ပွဲအပေါ် ကျေနပ်နိုင်ခြင်းမရှိသေးဘဲ တိုးတက်ဖို့လိုအပ်နေတာတွေအများကြီးရှိသေးတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ 

"ရလဒ်အတွက် ကျွန်တော်တို့တွေ စိတ်ကျေနပ်မိပါတယ်၊ ဒါက ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုတစ်ခုပါပဲ၊ ဒါပေမယ့်လည်း ကျွန်တော်တို့ မှန်ကန်တဲ့ပုံစံရဖို့ အများကြီးလိုအပ်နေပါသေးတယ်၊ မြင့်မားတဲ့အဆင့်အတန်းမျိုးနဲ့ ဆက်ပြီးတော့ ကြိုးစားအားထုတ်သွားရပါဦးမယ်" လို့ ပိုချက်တီနိုက Canal+ က တဆင့် ပြောဆိုသွားခဲ့ပါတယ်။ 

ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီကတော့ ဂိုးပေါက်ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်ပြီး ဂိုးကန်သွင်းချက် ၃ ချက်ရရှိခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဆာရာဘီရာရဲ့ သွင်းဂိုးအတွက် ဘတ်ပီက ဖန်တီးပေးခဲ့ပြီး ပိုချက်တီနိုက သူ့တိုက်စစ်မှူးကို ချီးကျူးစကားဆိုခဲ့ပါသေးတယ်။ 

"ဘတ်ပီက ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်၊ သူ အခွင့်အရေးတွေရခဲ့ပြီးတော့ ဂိုးမသွင်းနိုင်ခဲ့တာက ဝမ်းနည်းစရာပါပဲ၊ ဒါပေမယ့်လည်း သူ ပွဲကောင်းတစ်ပွဲကစားနိုင်ခဲ့ပါတယ်" လို့ ပိုချက်တီနိုကဆိုပါတယ်။ ပီအက်စ်ဂျီဟာ ဘောလုံးပိုင်ဆိုင်မှု ၆၁% အထိ ရရှိခဲ့ကာ ဂိုးကန်သွင်းချက် ၁၁ ကြိမ်ရရှိခဲ့တဲ့အထိ ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ 



က္က