ယိုကိုဟားမားအသင်းမှာ ၂၀၀၅ခုနှစ်မှ စတင်ကစားလာခဲ့သူ ဖြစ်လို့ ယခုအခါ စာချုပ်သက်တမ်းတိုးလိုက်တဲ့ အတွက် အသင်းနှင့်အတူ ၁၇နှစ်ဆက် လက်တွဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံက အသက် ၅၃နှစ်အရွယ် ကစားသမားကြီး ကာဇူယိုရှီမီယူရာကို ယိုကိုဟားမားအသင်းက တစ်နှစ်သက် တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၂၆ရက်နေ့ဆိုရင်ပဲ ကာဇူဟာ အသက် ၅၄နှစ် တင်းတင်းပြည့်မြောက်မှာ ဖြစ်ပါတယ်။
ယခုလက်ရှိ ကစားနေတဲ့ ယိုကိုဟားမားအသင်းကို ကာဇူဟာ ၂၀၀၅ခုနှစ်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်လို့ အသင်းနဲ့ လက်တွဲလာတာ ၁၇နှစ်ထိ ရှိလာပြီလည်း ဖြစ်ပါတယ်။
“ဘောလုံးအပေါ်မှာထားတဲ့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်နဲ့ စိတ်အားထက်သန်မှုက အမြဲတမ်း တိုးတက်နေဖို့ပါ။” လို့ ကာဇူက ပြောလာပါတယ်။
ဂျပန်ကစားသမားတစ်ဦးဖြစ်တဲ့ ကာဇူဟာ ၁၉၈၆ခုနှစ်က ဘရာဇီးကလပ် ဆန်းတို့စ်အသင်းနဲ့ ကစားသမားဘဝကို စတင်ခဲ့သူ ဖြစ်ပြီး ၂၀၁၇ခုနှစ်တုန်းက ပြိုင်ဖက် ဂူမာအသင်းဖက်ကို သွင်းယူခဲ့တဲ့ဂိုးဟာလည်း အသက်အကြီးဆုံး ဂိုးသွင်းနိုင်သူ ဖြစ်လာခဲ့ပါတယ်။
ကာဇူဟာ ကျန်းကျန်းမာမာနဲ့ အသက်အရွယ်ကြီးရင့်တဲ့အထိ ဂျပန်လိဂ် ထိပ်တန်းအဆင့်မှာ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးအဖြစ် ကစားနေနိုင်ခြင်းအပေါ်မှာလည်း ဂျပန်လူထုက ချစ်ခင် မြတ်နိုးနေကြပါတယ်။
ငယ်စဥ်က စီးရီးအေကလပ် ဂျီနိုအာအသင်းမှာ ကစားခဲ့ဖူးသလို ဂျပန်လက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း ၈၉ပွဲကစားပေးကာ ဂိုးပေါင်း ၅၅ဂိုးအထိသွင်းယူပေးနိုင်ခဲ့သူပါ။
ယခုအခါမှာတော့ ယိုကိုဟားမားအသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုလိုက်တာကြောင့် ကမ္ဘာပေါ်မှာ အသက်အ ကြီးဆုံး ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် ဆက်လက် ရပ်တည်ထားနိုင်ဆဲ ဖြစ်ပါတယ်။