ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။
Pyae Phyo Thein

ဘိုင်ယန်အတွက်တော့ ၂၁နှစ်အတွင်းမှာ ဒုတိယအကြိမ် ဒုတိယအဆင့်ကနေ ထွက်ခွာခဲ့ရမှုဖြစ်ပြီး နည်းပြဟန်ဆီဖလစ်အတွက် မျက်နှာပျက်စရာလည်းဖြစ်လာခဲ့ရပါတယ်။ 




ဂျာမန်နာမည်ကျော်ကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပိုကယ်ဖလားပြိုင်ပွဲမှာ ဘွန်ဒက်လီဂါ-၂ ကလပ် ဟိုလ်စတီယန်ကီရယ်လ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲက ထွက်ခွာသွားခဲ့ရပြီဖြစ်ပါတယ်။ အဝေးကွင်းမှာ အံ့အားသင့်ဖွယ်ရာရှုံးနိမ့်ခဲ့တာဖြစ်ပြီး လက်ရှိချန်ပီယံတို့ ပြိုင်ပွဲကနေ စောစောစီးစီးပဲ လက်ပြနှုတ်ဆက်သွားခဲ့ရပါတယ်။ 

ဘိုင်ယန်အနေနဲ့ အသင်းကြီးကစားသမားတွေဖြစ်တဲ့ ဆာနေး၊ မူလာ၊ နာဘရီ၊ တိုလစ်ဆို၊ ကင်မစ်ချ်၊ အယ်လ်ဖွန်ဆို၊ ဆူးလ်တို့ ပါဝင်ခဲ့ပြီး ဒုတိယပိုင်းမှာ လီဝန်ဒေါစကီး၊ ကော်စတာ၊ အလာဘာ၊ ပါဗက်တို့ကို ထည့်သွင်းခဲ့ပေမယ့် အနိုင်မရရှိခဲ့တာဖြစ်ပါတယ်။ နာဘရီရဲ့ ချေပဂိုးကို ပြန်လည်ချေပခံခဲ့ရသလို ဒုတိယပိုင်းမှာလည်း ဆာနေးရဲ့ ဦးဆောင်ဂိုးက မိနစ် ၉ဝမှာ ပြန်လည်ချေပခံခဲ့ရလို့ အချိန်ပိုကစားခဲ့ရပါတယ်။ 

အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ဘိုင်ယန်ရဲ့ လူစားဝင်ကစားသမား မာ့ခ်ရိုကာ လွဲချော်ခဲ့လို့ ကီရယ်လ်က ၆-၅ နဲ့ အနိုင်ယူကာ လက်ရှိချန်ပီယံကိုဖြုတ်ချနိုင်ခဲ့ပါတယ်။ ဘိုင်ယန်အတွက်တော့ ၂၁နှစ်အတွင်းမှာ ဒုတိယအကြိမ် ဒုတိယအဆင့်ကနေ ထွက်ခွာခဲ့ရမှုဖြစ်ပြီး နည်းပြဟန်ဆီဖလစ်အတွက် မျက်နှာပျက်စရာလည်းဖြစ်လာခဲ့ရပါတယ်။ 


ကီရယ်လ်အသင်းဟာကတော့ ဘွန်ဒက်လီဂါ -၂ မှာ အဆင့် ၃ နေရာရပ်တည်နေတဲ့အသင်းဖြစ်ပြီး ၁၅ ပွဲကစားပြီးချိန်မှာ ရှုံးပွဲ ၂ပွဲသာ ရှိထားတဲ့အသင်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကို သူတို့က အနိုင်ယူနိုင်ခဲ့မှုဟာ အံ့အားသင့်စရာဖြစ်လာခဲ့ရပြီး လက်ရှိချန်ပီယံတို့ အဝေးကွင်းမှာ အရှုံးပေးခဲ့ရကာ စောစောစီးစီးဆုဖလားတစ်လုံးလက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။ 

ဘွန်ဒက်လီဂါမှာလည်း ဂလာဘတ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ဘိုင်ယန်ဟာ ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်းမှာ ကျဆင်းစပြုလာနေပြီး သောမတ်စ်မူလာက ပြီးခဲ့တဲ့ရာသီကလောက် ခြေစွမ်းပြနိုင်ခြင်းမရှိတာကလည်း အခက်အခဲတစ်ခုအဖြစ်ရှိနေခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က