သွင်းဂိုးတစ်ဂိုးရရုံနဲ့ သမိုင်းစံချိန်သစ်တင်နို်ငတော့မှာပါ။
Pyae Phyo Thein

ရော်နယ်ဒိုအတွက်တော့ စိတ်ပျက်စရာညတစ်ညဖြစ်ခဲ့ရပြီး ဂိုးသွင်းအများဆုံးစံချိန်ရဖို့အတွက် နောက်ပွဲတွေကို စောင့်ရတော့မှာပဲဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ မနေ့ကကစားခဲ့တဲ့ အင်တာမီလန်နဲ့ စီးရီးအေပွဲစဉ်မှာ ဂိုးမသွင်းယူနိုင်ခဲ့တာကြောင့် သမိုင်းတွင်မယ့်စံချိန်တစ်ခုကို လက်လွှတ်ခဲ့ရပြီး ထပ်မံစောင့်ဆိုင်းရတော့မှာပဲဖြစ်ပါတယ်။ ဆန်စီရိုမှာ ကစားခဲ့တဲ့ပွဲမှာ အိမ်ရှင်အင်တာမီလန်က ၂-၀ နဲ့ ဂျူဗီကို အနိုင်ယူခဲ့ပြီး အမှတ်ပေးဇယားမှာ အေစီမီလန်ထက် တစ်ပွဲပိုကစားကာ ရမှတ်တူညီခဲ့ပြီဖြစ်ပါတယ်။ 



ရော်နယ်ဒိုအနေနဲ့ ဒီပွဲမှာသာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် ဘောလုံးသမိုင်းမှာ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်တော့မှာဖြစ်ပြီး လက်ရှိပူးတွဲရပ်တည်နေမှုကနေ ကျော်ဖြတ်နိုင်ခဲ့မှာဖြစ်ပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုက ဘိုင်ကန်နဲ့အတူ ၇၅၉ ဂိုးစီ သွင်ယူထားပြီး ပူးတွဲရပ်တည်နေကာ ဂိုးပေါင်း ၇၆၀ ပြည့်ခဲ့မယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာမှာပါ။ 

စပို့တင်းလစ္စဘွန်း၊ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်တို့မှာ ကစားခဲ့ပြီး လျှမ်းလျှမ်းတောက်နာမည်ကျော်ကြားခဲ့တဲ့ ရော်နယ်ဒိုဟာ အသက် ၃၅ နှစ်အရွယ် ရောက်တဲ့အထိ ထိပ်တန်းအဆင့်မှာ ကစားနေဆဲဖြစ်ပါတယ်။ အသက်အရွယ်နဲ့မလိုက်ဖက်တဲ့ ခြေစွမ်းမျိုးကို ပြသနေဆဲဖြစ်သလို သမိုင်းစံချိန်မှတ်တမ်းတွေကလည်း တစ်ခုပြီးတစ်ခု ရရှိနေခဲ့တာဖြစ်ပါတယ်။ 

ဘောလုံးရာသီ ၁၅ ရာသီဆက်တိုက် သွင်းဂိုး ၁၅ ဂိုးနဲ့အထက် ရရှိထားတဲ့ စံချိန်ကိုလည်း ရော်နယ်ဒိုက ပိုင်ဆိုင်ထားခဲ့ပြီး မနေ့ကပွဲဟာ သူ့အတွက်တော့ အပြောင်မြောက်ဆုံးနဲ့ အခမ်းနားဆုံးဖြစ်လာစေမယ့် အခွင့်အရေးရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂိုးမသွင်းယူနိုင်ခဲ့သလို အသင်းကလည်း ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် ရော်နယ်ဒိုအတွက်တော့ စိတ်ပျက်စရာညတစ်ညဖြစ်ခဲ့ရပြီး ဂိုးသွင်းအများဆုံးစံချိန်ရဖို့အတွက် နောက်ပွဲတွေကို စောင့်ရတော့မှာပဲဖြစ်ပါတယ်။


ဂျူဗီဟာ လာမယ့်ပွဲအဖြစ် အိမ်ကွင်းမှာ ဘိုလော့ဂ်နာကို လက်ခံကစားသွားရမှာဖြစ်ပြီး ပေါ်တူဂီသားကြီးအနေနဲ့ သမိုင်းစံချိန်သစ်ရယူနိုင်ဖို့ကို နောက်တစ်ကြိမ်ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က