ရော်နယ်ဒိုဟာ သွင်းဂိုး ၇၆၀မြောက်ကို နာပိုလီနဲ့ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ သွင်းဂိုး ၇၆၀နှင့်အတူ ကမ္ဘာ့ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီလို့ သတင်းရင်းမြစ်မျိုးစုံက ဖော်ပြနေကြပေမယ့် ရော်နယ်ဒိုဟာ ဂိုးသွင်းအများဆုံး ကစားသမား မဟုတ်သေးဘူးဆိုတာလည်း အငြင်းပွား ဖွယ်ရာ စစ်တမ်းအချို့ ရှိနေပြန်ပါသေးတယ်။

ရော်နယ်ဒိုဟာ နာပိုလီနဲ့ ကစားခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် စုစုပေါင်း ကစားသမားဘဝမှာ တရားဝင် သွင်းဂိုး ၇၆၀ထိ ပြည့်မြောက်သွားပါပြီ။



ဒါကြောင့် တချိန်က ကမ္ဘာ့ဂိုးသွင်းအများဆုံး ကစားသမားလို့ မှတ်တမ်းတွေအရ သိရှိထားတဲ့ ချက်လက်ရွေးစင် ကစားသမားကြီး ဂျိုးဇက်ဘီကန်ကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်ကာ ကမ္ဘာ့ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာ ပြီလို့ အမျိုးမျိုးသော သတင်းရင်းမြစ်တွေက ဖော်ပြနေကြပါပြီ။

ရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်း ကစားသမားဘဝမှာ ၅ဂိုး၊ယူနိုက်တက်မှာ ၁၁၈ဂိုး၊ရီးရဲမှာ ၄၅၀ဂိုး၊နိုင်ငံ အသင်းဖြစ်တဲ့ ပေါ်တူဂီအသင်းအတွက် ၁၀၂ဂိုးနဲ့ လက်ရှိကစားနေတဲ့ ဂျူဗင်တပ်အတွက် ၈၅ဂိုးသွင်းယူ ထားပြီး ဖြစ်တာကြောင့် လက်ရှိအချိန်မှာ ဂိုးပေါင်း ၇၆၀ဆိုတာကတော့ ငြင်းစရာ လုံးဝမရှိပါဘူး။

ဒါပေမယ့် Rec.Sport.Soccer Statistics Foundation (RSSSF)ရဲ့ စစ်တမ်း ထုတ်နုတ်ဖော်ပြချက်အရ ဂျိုးဇက် ဘီကန်ဟာ ကမ္ဘာ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေတယ်လို့ သိရပါတယ်။

ဒီစစ်တမ်းမှာဆိုရင် ဘီကန်ကို ထိပ်တန်းလိဂ်တွေမှာကစားထားပြီးသွင်းထားတဲ့သွင်းဂိုးတွေကိုတောင် ထည့်သွင်း တွက်ချက်ထားခြင်း မရှိတောင် စုစုပေါင်းဘီကန်ရဲ့ တရားဝင် သွင်းဂိုးဟာ ပွဲပေါင်း ၅၃၀ကစားပြီး ၈၀၅ဂိုး ဖြစ်နေ တာပါ။

ဒါ့အပြင် ဒီစစ်တမ်းထဲမှာ ရိုမာရီယိုက ၇၇၂ဂိုးနဲ့ ပီလီကလည်း ၇၆၇ဂိုးအထိသွင်းယူထားတယ်လို့ ဖော်ပြနေတဲ့ အတွက် ရော်နယ်ဒိုဟာ ကမ္ဘာ့ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီဆိုတဲ့သတင်းတွေအပေါ်မှာ အနည်းငယ်တော့ ရှုပ်ထွေးစေလာပါတယ်။

၂၀၀၁ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ ချက်ကစာသမားကြီး ဘီကန်ဟာ ရက်ပစ်ဗီယင်နာ၊ဆလားဗီးယားပရာဟာတို့ အပြင် သြစတြီးယားနဲ့ ချက်ကိုဆလားဗီးယားတို့မှာ ကစားသမားဘဝကို ၁၉၃၁မှ ၅၅အထိ ကျင်လည်ခဲ့သူပါ။

ဒါပေမယ့် သူ့ရဲ့ သွင်းဂိုး ၈၀၅ဂိုးထဲမှာ ၂၇ဂိုးက ဗီယင်နာအသင်းရဲ့ အရံအသင်းနဲ့အပျော်တမ်းအသင်းတွေမှာ သွင်းခဲ့တာ ဖြစ်ပြီး ဒီဂိုးတွေကိုတော့ တရားဝင် သွင်းဂိုးတွေအဖြစ် သတ်မှတ်လို့ မရပါဘူး။

ဒီဂိုးတွေကို ဖယ်လိုက်မယ်ဆိုရင်တောင် ဘီကန်ရဲ့သွင်းဂိုးဟာ ၄၉၅ပွဲမှာ ၇၅၉ဂိုးထိ ကျန်နေမှာဖြစ်လို့ ဒီအချက် ပေါ်မူတည်လိုက်မယ်ဆိုရင် ရော်နယ်ဒိုဟာ ဘီကန်ကို ကျော်လွန်ခဲ့ပါပြီ။

ရော်နယ်ဒိုထက် ဘီကန်ရဲ့သွင်းဂိုးပိုများနေတယ်ဆိုတာ သက်သေပြဖို့အတွက် စစ်တမ်းကုမ္ပဏီRSSSFအနေနဲ့ ဘီကန်ရဲ့ ၁၉၅၂ခုနှစ်က ချက်ဒုတိယတန်းမှာ ကစားခဲ့တဲ့ ကာလ သွင်းဂိုးတွေကို တွက်ချက်ဖို့ ပျောက်ဆုံးနေ တယ်လို့ ဖော်ပြလာပါသေးတယ်။

ဒါဖြင့်ရင် ရိုမာရီယိုနဲ့ပီလီတို့ရဲ့ စံချိန်တွေကရော?သူတို့သွင်းဂိုးစစ်တမ်းတွေကလည်း အနည်းငယ် အငြင်းပွားစရာ ရှိနေပြန်ပါတယ်။

ဒီဘရာဇီးကစားသမားကြီး နှစ်ဦးသွင်းယူထားတဲ့သွင်းဂိုးတွေဟာ နှစ်ဦးပေါင်းရင် ၁၀၀၀ကျော်ပါတယ်။ မကြာသေး ခင်ကတော့ လက်ရှိဘာစီလိုနာ အသင်းရဲ့ အာဂျင်တီးနား ကစားသမား မက်ဆီက ပီလီရဲ့ စံချိန်တစ်ခုကို ကျော် ဖြတ်ပြထားပါတယ်။

အဲ့ဒါက ကလပ်အသင်းတစ်သင်းတည်းအတွက် ၆၄၃ဂိုးနဲ့ ဂိုးအများဆုံးသွင်းယူထားသူပီလီရဲ့ စံချိန်ကို ကျော်ဖြတ် ပြနိုင်ခဲ့တာပါ။

ဒါပေမယ့် ချက်ခြင်းဆိုသလို ဆန်းတို့စ်အသင်းက ပီလီရဲ့ ကလပ်အသင်းရဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲက သွင်းဂိုး တွေကို ဖော်ထုတ်လာပြီး တကယ်တမ်း ပီလီသွင်းခဲ့တာ ၁၀၉၁ဂိုးရှိတယ်လို့ ချပြလာပါတယ်။

ပီလီရဲ့ ကိုယ်ပိုင် အင်စတာဂရမ်မှာလည်း - “ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဂိုးပေါင်း ၁၂၈၃ဂိုးသွင် ယူထားတယ်လို့ ဖော်ပြလာပါသေးတယ်။

သို့သော် ပီလီကစားခဲ့တဲ့ ခြေစမ်းပွဲနဲ့ ၁၉၅၉တုန်းက စစ်တပ်အသင်းတစ်သင်းအတွက် ကစားပေးခဲ့တဲ့ တရားဝင်မဟုတ်တဲ့ပွဲတွေက ဂိုးတွေကို ဖယ်လိုက်မယ်ဆိုရင် ပီလီဟာ ဆန်းတို့စ်၊နယူးယော့ခ်ကော့စ်မို့နဲ့ ဘရာဇီး အသင်းတွေအတွက် စုစုပေါင်း ၇၅၇ဂိုးသွင်းယူထားပါတယ်။

အလားတူ ရိုမာရီယိုကလည်း ၂၀၀၇ခုနှစ်မှာ သူ့ရဲ့သွင်းဂိုး ၁၀၀၀ပြည့်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။တကယ်တော့ ဒီတစ်ထောင်မှာ လူငယ်ပွဲတွေ၊ခြေစမ်းပွဲတွေနဲ့ အစမ်းသပ်ခံပွဲတွေမှာသွင်းတဲ့ ဂိုးတွေလည်း ပါနေတယ်လို့ သိရပါတယ်။

ရိုမာရီယိုဟာ တောင်အမေရိက၊ဥရောပ၊အာရှနဲ့ သြစတြေးလျတို့မှာ ကျင်လည်ခဲ့စဥ် တရားဝင် သွင်းဂိုးပေါင်း ၇၄၅ ဂိုးသွင်းခဲ့တယ်လို့ သတင်းအဆက်ဆက်အရ သိထားရပါတယ်။

အဲ့တော့ အချုပ်ကို ပြန်သွားရရင် ရော်နယ်ဒိုဟာ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ချက်လိဂ်တူးမှာ သွင်းခဲ့တဲ့ ဂိုးတွေ စစ်တမ်း မရတော့တဲ့ ဘီကန်၊ဆန်းတို့စ်အတွက် အမှန်တကယ်သွင်းပေးခဲ့တာ ၁၀၉၁ဂိုးရှိတယ်လို့ သတင်းထွက်လာတဲ့ ပီလီတို့ရဲ့ သတင်းတွေကြောင့် လက်ခံပေးဖို့တော့ ခက်နေတာ အမှန်ပါ။

သေချာတာကတော့ မက်ဆီဟာ ဘာစီလိုနာနဲ့ အာဂျင်တီးနားအတွက် စုစုပေါင်း ၇၁၉ဂိုးသွင်းယူပေးထားနိုင်လို့ ရော်နယ်ဒိုထက် ၄၁ဂိုး နည်းနေတယ်ဆိုတာတော့ စစ်တမ်းခိုင်ခိုင်မာမာအရ သိထားရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က