ရော်နယ်ဒိုဟာ ကစားသမားဘဝ ဂိုး ၇၆၀ပြည့်မြောက်ခဲ့ပါပြီ။
Kyaw Ko Ko Sint

နိုင်ငံတကာ သတင်းဌာန အသီးသီးရဲ့ ဖော်ပြလာချက်တွေအရ ရော်နယ်ဒိုဟာ ကစားသမားဘဝ သွင်းဂိုး ၇၆၀ ပြည့်မြောက်ခဲ့ပြီး ကမ္ဘာ့ ဂိုးသွင်းအများဆုံး ဘောလုံးသမားဖြစ်လာခဲ့ပြီလို့ သိရပါတယ်။

ဒီလို သွင်းဂိုး ၇၆၀ထဲမှာ မှတ်မှတ်ရရ ဖြစ်စေမယ့် သွင်းဂိုးပေါင်းများစွာကိုလည်း ရော်နယ်ဒိုက သွင်းယူပြခဲ့ဖူးပြီး အဲ့ဒီထဲကမှ ပရိသတ်တွေ အံ့သြမှင်သက်စေလောက်တဲ့ စွမ်းရည်တွေနဲ့ သွင်းဂိုးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။



ဆမ်ဒိုးရီးယား ၁-၂ ဂျူဗင်တပ်ပွဲမှာ ခေါင်းတိုက်သွင်းဂိုး

-------------------------

၂၀၁၉ခုနှစ် ဒီဇင်ဘာလက ကစားခဲ့တဲ့ ဆမ်ဒိုးရီးယား ၁-၂ ဂျူဗင်တပ်ပွဲမှာ ရော်နယ်ဒိုဟာ ခေါင်းတိုက်ဘောမှ တဆင့် တစ်ဂိုးသွင်းယူခဲ့ပါတယ်။ ခေါင်းတိုက်ဂိုးဆိုတာ ရော်နယ်ဒိုအတွက် ထမင်းစားရေသောက်သွင်းလို့ ရနေပေ မယ့် ဒီတစ်ဂိုးကတော့ တမူ ထူးခြားနေတာပါ။


ရော်နယ်ဒိုရဲ့ ခေါင်းတိုက်သွင်းယူဖို့ အားယူပြီး ခုန်လိုက်တာ ဟာ ၈ပေအမြင့်(၂.၅၆မီတာ)အထိမြင့်မားသွားခဲ့ပြီး ဘောလုံးပြိုင်ပွဲတွေမှာတော့ အတော်လေး မြင့်မားတဲ့ ခေါင်းတိုက် ဂိုးသွင်းယူမှုလည်း ဖြစ်ခဲ့ပါတယ်။

အက်သလက်အသင်းဖက်ကို သွင်းတဲ့ ဖရီးကစ်ဂိုး

-------------------------

ပြစ်ဒဏ်ဘောတွေ ဆိုတာ ရော်နယ်ဒိုရဲ့ စိတ်ကြိုက်ပါပဲ။သူကိုယ်တိုင်ကလည်း ပြစ်ဒဏ်ဘောတွေကို ဂိုးဝင်အောင် သွင်းနိုင်ဖို့ အချိန်တစ်ခုပေးပြီး သီးသန့်လေ့ကျင့်ပြင်ဆင်ခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်။ဒါကြောင့် ရော်နယ်ဒိုဟာ ပြစ်ဒဏ်ဘော တစ်ခုကို ကန်တော့မယ်ဆိုရင် ခြေထောက်အယူအဆ၊လေတိုက်နှုန်း၊ဂိုးသမားနေရာယူပုံ စတဲ့ အခြေခံ အချက်တွေကို တိတိကျကျ တွက်ချက် ဆောင်ရွက်လေ့ရှိတယ်ဆိုတာ သတိထားမိမှာပါ။


ပရိသတ်တွေ စိတ်ထဲ စွဲထင်နေမယ့် ရော်နယ်ဒို့ရဲ့ ဂိုးတွေထဲမှာ ၂၀၁၂ခုနှစ်က အက်သလက်တီကို မက်ဒရစ်အသင်းဖက်ကို သွင်း ယူခဲ့တဲ့ ရော်နယ်ဒိုရဲ့ အလွတ်တည်ကန်ဘောလည်း ပါမှာပါ။၂၅ကိုက်အကွာကနေ ဂိုးသမား ကော်တိုရစ် ငုတ် တုတ်ထိုင်ကျသွားအောင်ကို ကန်ပြခဲ့တာပါ။

အသင်းဟောင်းယူနိုက်တက်ဖက်ကို သွင်းယူခဲ့တဲ့ဂိုး

-----------------------------

ရော်နယ်ဒိုဟာ ရီးရဲကိုရောက်ပြီးမှ အသင်းဟောင်း ယူနိုက်တက်နဲ့ ၂၀၁၃ခုနှစ်မှာ ချန်ပီယံလိဂ် ပွဲစဥ်အဖြစ် ပြန်လည် ရင်ဆိုင်ခဲ့ရပါတယ်။ ၁၆သင်းအဆင့် ပထမအကျော့ကို ရီးရဲအိမ်ကွင်းမှာ ကစားခဲ့ရပြီး တစ်ဂိုးစီ သရေ ကျခဲ့ပါတယ်။


အဲ့တုန်းက ယူနိုက်တက် နောက်ခံလူ အီဗရာ လန်သွားအောင်ကို အမြင့်ခုန်နိုင်ချက်က ကြောက်ခ မန်းလိလိပါပဲ။ ဒီခုန်ချက်ကတော့ ရော်နယ်ဒိုရဲ့ အမြင့်ဆုံး ခေါင်းတိုက်သွင်းဂိုးဖြစ်ပြီး ၂.၉၃မီတာအထိ မြင့်မားခဲ့ ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားက စပိန်ဖက်သို့ သွင်းဂိုး

------------------

တကယ်တော့ ဒီပွဲမှာ ရော်နယ်ဒိုက ဟက်ထရစ်သွင်းနိုင်ခဲ့တာပါ။ဒါပေမယ့် တစ်ကမ္ဘာလုံးက လူတွေကတော့ ဟက်ထရစ်ထက် ရော်နယ်ဒို နောက်ဆုံးသွင်းခဲ့တဲ့ ပြစ်ဒဏ်ဘောကို ပိုပြီး မှတ်မိနေကြမှာပါ။ အကြောင်းကတော့ ဒီဂိုးက ပေါ်တူဂီကိုကယ်ခဲ့တာပါ။


၈၆မိနစ်အထိ စပိန်က ၃-၂နဲ့ ဦးဆောင်နေချိန်မှာ ပြစ်ဒဏ်ဘောရတာပါ။ ဒီ အလွတ်တန်ကန်ဘောဆိုတာ ရော်နယ်ဒိုအတွက် သာမန်အချိန်တွေဆိုရင် ထမင်းစားရေသောက်သလို ကန်လို့ ရပေမယ့် ၄နှစ်မှ တစ်ကြိမ် တစ်ကြိမ် ၈၆မိနစ် တစ်လုံးရှုံးနေတဲ့ အနေအထားမျိုးမှာ တည်ငြိမ်စွာ ကန်နိုင်ဖို့ တော့ အတော်လေး စိတ်ကို ထားနိုင်ဖို့ လိုပါတယ်။ဒါကြောင့် ဒီဂိုးဟာ ရော်နယ်ဒိုကို ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်နေကြတဲ့ အပေါ် အထောက်အထားတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ကိုက် ၄၀မှ ရုတ်တရက် ကန်သွင်းခဲ့တဲ့ဂိုး

------------------------

ရော်နယ်ဒို ယူနိုက်တက်မှာရှိစဥ် ၂၀၀၉တုန်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲအဖြစ် ပေါ်တိုအသင်းနဲ့ ကစားခဲ့ရ ပါတယ်။ အဲ့တုန်းက ရော်နယ်ဒိုရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ ယူနိုက်တက်က ပေါ်တိုကို နိုင်ခဲ့တာပါ။


အန်ဒါ ဆင် ပေးလိုက်တဲ့ ဘောလုံးကို ဘာမပြောညာမပြောနဲ့ တစ်ချက်ရှေ့ထုတ်ပြီး ကိုက် ၄၀က အပြင်းကန်သွင်းမှုဟာ သူ့ရဲ့ ခြေထောက်ကြွက်သားတွေအပေါ် လေ့ကျင့်ထားမှုကို ပေါ်လွင်စေခဲ့ပါတယ်။အဲ့ဒီပွဲအပြီးမှာ ဝါရင့် ကစားဖော် ကြီး ဂစ်ကိုယ်တိုင်က ဘယ်လိုမှ မယုံနိုင်စရာ ကောင်းတဲ့ သွင်းဂိုးလို့ပဲလို့ ဝန်ခံပြောခဲ့ပါသေးတယ်။

ပို့စ်မောက် အသင်းဖက်ကို သွင်းယူတဲ့ဂိုး

------------------------

၂၀၀၈ခုနှစ် ဇန်နဝါရီလမှာ ယူနိုက်တက်ဟာ ပို့စ်မောက်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး ၂-၀နဲ့ အနိုင်ရခဲ့ပါ တယ်။ နှစ်ဂိုးစလုံးရော်နယ်ဒို သွင်းတာပါ။ ပထမဂိုးကို ၉မိနစ်မှာသွင်းပြီး ဒုတိယဂိုးကိုတော့ ၁၂မိနစ်မှာ ထပ်မံ သွင်းခဲ့တာပါ။အခု ပြောပြမှာက ဒုတိယဂိုးပါ။


ဂိုးသမားဒေးဗစ်ဂျိမ်း ရပ်ကြည့်နေရတဲ့ အဆင့်ထိ ပြင်းထန် လျင်မြန် ပြီး တိကျသေသပ်တဲ့ အလွတ်တည်ကန်ဘောဟာ ရော်နယ်ဒိုကို ကမ္ဘာက စတင် သတိထားစ ပြုလာစေတဲ့ ဂိုးတွေ ထဲမှာ တစ်ဂိုးအပါအဝင်ပါ။အဲ့တုန်းက ရော်နယ်ဒိုရဲ့ အလွတ်တည်ကန်ဘောတွေက နည်းနည်းရှားနေသေးပေမယ့် အခုတော့ ဒီလို သွင်းဂိုးတွေဆိုတာ ရော်နယ်ဒိုအတွက် မကြာခဏ သွင်းနေတဲ့ ဂိုးတွေ ပါပဲ။

ပြိုင်ဖက်ပရိသတ်ရဲ့ လက်ခုပ်သံကို ရခဲ့တဲ့ သွင်းဂိုး

--------------------------

၂၀၁၈ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပထမအကျော့မှာ ဂျူဗင်တပ်အသင်းနဲ့ တွေ့ဆုံစဥ် ရော်နယ်ဒိုရဲ့ ဘိုင်စကယ် ကန်သွင်းချက်ဟာ ပြိုင်ဖက် ပရိသတ်တွေကပင် လက်ခုပ်သြဘာပေးရတဲ့အထိ အဆင့် အတန်း မြင့်မားခဲ့ပါတယ်။ အခုတော့ သူ့ကို လက်ခုပ်တီးခဲ့တဲ့ ပရိသတ်တွေလည်း ကျေနပ်နေကြလောက်ပါပြီ။ အဲ့ဒီပွဲတုန်းက ရော်နယ်ဒိုက ၂ဂိုးသွင်းဘူခဲ့ပြီး ဒုတိယတစ်ဂိုးကို ၆၃မိနစ်လောက်မှာ လှလှပပ နောက်ပြန်ကန်ချက်နဲ့ သွင်းယူခဲ့တာပါ။


ငယ်ငယ် ကဆိုရင် ဒီလိုဂိုးမျိုးကို ပီလီကစ် ဆိုပြီး ခေါ်ခဲ့ဖူးကြမှာပါ။ပီလီက ကမ္ဘာ့ဖလားမှာ အဲ့လို သွင်းပြသွားခဲ့ဖူးလို့ နောက် ပိုင်း လူတွေရဲ့ ပါးစပ်ဖျားမှာ ပီလီကစ် ပီလီကစ်ဆိုပြီး ရေပန်းစားလာတာပါ။ ရော်နယ်ဒိုရဲ့ ဒီ သွင်းဂိုးအပေါ် ပြိုင် ဖက်ဂျူဗင်တပ် ပရိသတ်တွေက ဒေါသမထွက်ကြတဲ့အပြင် ပြီးပြည့်စုံလှတဲ့ ပြိုင်ဖက် တိုက်စစ်မှူးကြီးကိုချီးကျူး ဂုဏ်ပြု လက်ခုပ်သံတွေတောင် ပေးခဲ့ကြတာပါ။

အခြားသော လှပသေသပ်ပြီး ပရိသတ်တွေ စိတ်ထဲ ယနေ့တိုင် ပြေးမိနေတဲ့သွင်းဂိုးပေါင်းများစွာလည်း ရှိတာကြောင့် ပရိသတ်တွေ စိတ်ထဲ စွဲနေတဲ့ သွင်းဂိုးလေးတွေ ရှိရင်လည်း ဝေမျှပေးခဲ့ကြပါဦး။


ဆက်စပ်အကြောင်းအရာများ


Author

  • Kyaw Ko Ko Sint

    Content Editor/Reporter


က္က