ယူရိုမှာ ၃ ဂိုးအထိ သွင်းပြီး ခြေစွမ်းပြနေပါတယ်။

ဒီနေ့ညကစားမယ့် ဟော်လန်နဲ့ချက်ပွဲစဉ်မှာတော့ ဒီပိုင်းတို့ရဲ့ လိမ္မော်ရောင်အသင်းကို အခက်တွေ့အောင် ဖန်တီးနိုင်စွမ်းရှိသူက ချက်တိုက်စစ်မှူးပက်ထရစ်ရှရစ်ပါပဲ။ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ယူရိုမှာ အသင်းအတွက် ၃ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနေပြီး အဓိကကစားသမားအဖြစ်ရပ်တည်နေကာ ဟော်လန်ခံစစ်ကို တော်တော်လေးဒုက္ခပေးနိုင်မယ့်သူလို့ ယူဆရပါတယ်။

လေဗာကူဆင်ကစားသမားဟာ စကော့တလန်နဲ့ပွဲစဉ်မှာ တော်တော်လေးဝေးတဲ့အနေအထားကနေ လှပတဲ့သွင်းဂိုးတစ်ဂိုးကို ရယူပေးခဲ့ပြီးနောက် ပရိသတ်တွေသတိထားမိလာသူဖြစ်ပါတယ်။ ရိုးမားမှာကစားခဲ့စဉ်ကလည်း အားလုံးရဲ့စောင့်ကြည့်မှုကို ခံခဲ့ရပေမယ့် ထင်သလိုမဖြစ်ခဲ့တဲ့နောက် သူက လေဗာကူဆင်ကို ပြောင်းရွှေ့သွားခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ လိဂ်ဂိုး ၉ ဂိုးအထိ ရရှိခဲ့ပါတယ်။ 

စကော့တလန်နဲ့ပွဲမှာ သူ့ရဲ့သွင်းဂိုးက ၄၅ မီတာအကွာအဝေးကနေ သွင်းယူခဲ့တာဖြစ်ပြီး ၁၉၈၀ ယူရိုနောက်ပိုင်း အဝေးဆုံးနေရာကနေ ကန်သွင်းပြီး ရယူနိုင်ခဲ့တဲ့ ဂိုးဖြစ်ခဲ့ပါတယ်။ သူက အဲဒီပွဲမှာ ၂ ဂိုးအထိ သွင်းယူခဲ့ပြီးတော့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရိုဆစ်စကီးက တစ်ပွဲတည်းနှစ်ဂိုးသွင်းပြီးနောက် သူက အဆိုပါမှတ်တမ်းကိုရရှိခဲ့တဲ့ ပထမဆုံးချက်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ 

ဗဟိုတိုက်စစ်မှူးအဖြစ် ကစားနိုင်တဲ့ ရှရစ်က လိုအပ်လာရင် ညာတောင်ပံတိုက်စစ်မှူးအဖြစ်ရော၊ Second Striker အဖြစ်နဲ့ပါ ကစားနိုင်သူပါ။ ခန္ဓာကိုယ်ကြံ့ခိုင်တောင့်တင်းပြီး နည်းစနစ်ပိုင်းကြွယ်ဝကာ ဘောလုံးဆွဲပြေးယူပုံကောင်းမွန်တဲ့ကစားသမားလို့ သတ်မှတ်ခံထားရပါတယ်။ တိုက်စစ်ကို ထဲထဲဝင်ဝင်လိုက်ပါနိုင်စွမ်းရှိပြီး ကိုယ်တိုင်က တိုက်စစ်လမ်းကြောင်းပွင့်အောင်ဖန်တိးနိုင်သလို ဂိုးရဖို့အတွက်လည်း အသင်းဖော်တွေကို ဖန်တီးပေးနိုင်သူဖြစ်ပါတယ်။ 

ဟော်လန်အနေနဲ့ ဒီပွဲမှာ အထက်အသင်းအဖြစ်ရှိနေပေမယ့် ချက်ရဲ့ အသင်းလိုက်ကစားအားနဲ့ ရှရစ်လို ပွဲအဖြေကိုပြောင်းပေးနိုင်တဲ့ ကစားသမားရှိနေလို့ တော်တော်လေးတော့ ဂရုစိုက်ရမှာပါ။ ချက်က ပွဲဦးထွက်မှာ အရေးနိမ့်ခဲ့ပေမယ့်လည်း အဲဒီနောက်မှာ အင်္ဂလန်ကိုသရေ၊ စကော့ကို အနိုင်ကစားပြီး အကောင်းဆုံးတတိယအဖြစ်နဲ့ နောက်တဆင့်ကိုတက်ခဲ့ပေမယ့် ဟော်လန်အတွက် ခက်ခဲတဲ့ပြိုင်ဘက်အဖြစ်နဲ့တော့ ရှိနေမှာ သေချာပါတယ်။ 



က္က