ကွာတားဖိုင်နယ်ပွဲအဖြစ် ဒီနေ့ည ကစားတော့မှာပါ။

ယူရို ၂၀၂၀ ကွာတားဖိုင်နယ်အဆင့်ကို ဒီနေ့မှာ စတင်ကစားတော့မှာပါ။ အံ့အားသင့်ဖွယ်ရာရလဒ်တွေ ထွက်ပေါ်ခဲ့ပြီး နောက်ဆုံး ၈ သင်းအဆင့်ကို ဖျက်မြင်းအသင်းတွေဖြစ်တဲ့ ဆွစ်ဇာလန်၊ ချက်၊ ဒိန်းမတ်တို့လို အသင်းတွေတက်ရောက်နိုင်ခဲ့ပါတယ်။ ပြင်သစ်ကို အံ့အားသင့်ဖွယ်ရာအနိုင်ယူခဲ့တဲ့ ဆွစ်ဇာလန်က စပိ်န်နဲ့ ဆက်ကစားရဦးမှာပါ။ တဖက်မှာလည်း ခရိုအေးရှားကို အချိန်ပိုထိကစားပြီး အနိုင်ရလာတဲ့ စပိန်က ဆွစ်ဇာလန်ကို ပေါ့ဆလို့မရဘူးဆိုတာ ကောင်းကောင်းသိနေပါလိမ့်မယ်။ 


ထိပ်တိုက်တွေ့ဆုံမှု

စုစုပေါင်း ၂၂ ပွဲအထိ ရင်ဆိုင်ခဲ့ကြပြီး စပိန်က ၁၆ ပွဲအထိ အနိုင်ရခဲ့လို့ မှတ်တမ်းအရ အပြတ်အသာသာလွန်နေပါတယ်။ ဆွစ်ဇာလန်ဟာ စပိန်ကို သမိုင်းတလျှောက် တစ်ပွဲတည်းသာ အနိုင်ရရှိခဲ့ဖူးပြီးတော့ သူတို့က စပိန်ရဲ့ငယ်နိုင်အသင်းလိုဖြစ်နေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ အဲဒီမှတ်တမ်းတွေကို ဘေးချိတ်ထားရတော့မှာပါ။ သူတို့ကို လျှော့တွက်ရင် ခံစားသွားရလိမ့်မယ်ဆိုတာကို ဆွစ်ဇာလန်က ပြင်သစ်နဲ့ပွဲမှာ ပြသခဲ့ပြီးပါပြီ။ 


ဆွစ်ဇာလန်ယူရိုရလဒ် - သရေ၊ ရှုံး၊ နိုင်၊ နိုင်

စပိန်ယူရိုရလဒ် - သရေ၊ သရေ၊ နိုင်၊ နိုင်

စိတ်ဝင်စားဖွယ်ကိန်းဂဏန်းများ


ပထမဆုံးနှစ်ပွဲဆက်တိုက် သရေကျခဲ့တဲ့နောက် စပိန်ဟာ နောက်ဆုံးနှစ်ပွဲမှာ ပြန်လာနိုင်ခဲ့ပါတယ်။ သူတို့က ယူရို ၂၀၂၀ မှာ ၂ ပွဲဆက်တိုက် ၅ ဂိုးသွင်းနိုင်တဲ့ တစ်ခုတည်းသောအသင်းဖြစ်လာခဲ့ပြီး လူးဝစ္စအင်းနရစ်အတွက် ကွင်းလယ်လူဘက်ကွက်စ်ပြန်ကစားပေးနိုင်ခဲ့မှုက တော်တော်လေးကို ကံကောငး်ခဲ့ပြီး နောက်ဆုံး ၂ ပွဲမှာ ၁၀ ဂိုးအထိ ရခဲ့ပါတယ်။ 

ခရိုအေးရှားနဲ့ပွဲမှာလည်း မိုရာတာ ဂိုးပေါက်ပြန်တွေ့ခဲ့ပြီး ဖာနန်ဒိုတောရက်စ်ရဲ့ ယူရိုသွင်းဂိုး ၅ ဂိုး ရရှိထားတဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီခဲ့ပါတယ်။ ဝေဖန်ခံနေရမှုတွေအောက်ကနေ မိုရာတာက အရေးပါတဲ့သွင်းဂိုးတစ်ဂိုးနဲ့ ရုန်းထပြခဲ့ပါတယ်။ 


ဆွစ်ဇာလန်ဟာ ၂၀၁၀ ကမ္ဘာ့ဖလားဖွင့်ပွဲတုန်းက စပိန်ကိုအနိုင်ရပြီး တစ်ပွဲတည်းနိုင်ပွဲကို ဖန်တိးနိုင်ခဲ့ပါတယ်။ ယူရို ၂၀၂၀ မှာလည်း စပိန်က ကမ္ဘာ့ဖလားတုန်းကလို အစမကောင်းခဲ့ပေမယ့် အခုတော့ သူတို့က ဆုဖလားကိုပါ ပစ်မှတ်ထားနေပါပြီ။


ဆွစ်ဇာလန်ကတော့ ယူရို ၂၀၂၀ မှာ နောက်ဆုံး ၂ပွဲဆက် အနည်းဆုံး ၃ ဂိုးသွင်းယူထားပါတယ်။ ပြင်သစ်လိုအသင်းလည်းပါဝင်နေခဲ့တာဖြစ်ပြီး ဘယ်အသင်းကိုမဆို သူတို့ ဂိုးသွင်းနိုင်တယ်ဆိုတာကို ပြသနေတာပါ။ ဒီယူရိုပြိုင်ပွဲမတိုင်ခင်က သူတို့ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲတွေမှာ ဘယ်တုန်းကမှ တစ်ပွဲကို ၂ ဂိုးထက်ပိုပြီး မသွင်းနိုင်ခဲ့ဖူးပါဘူး။ 



က္က