ယူရိုမှာပြသနေတဲ့ ခြေစွမ်းတွေကြောင့် အမြင်မှန်ရသွားခဲ့တာပါ။

လီဗာပူးလ်အသင်းရဲ့ကွင်းလယ်လူဟောင်းအဒမ်လယ်လာနာက သူဟာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်နဲ့ အင်္ဂလန်နောက်ခံလူဟယ်ရီမက်ဂွိုင်းယားအပေါ်မှာ လျှော့တွက်ခဲ့မိတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ ဘရိုက်တန်အတွက် ကစားပေးနေတဲ့ လယ်လာနာက ယူရိုမှာ ခြေစွမ်းပြနေတဲ့ မက်ဂွိုင်းယားကို ချီးကျူးပြောဆိုခဲ့ပြီး သူ့ရဲ့အမြင်တွေကို ပြောင်းလဲစေခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါယ်။ 

မက်ဂွိုင်းယားကတော့ အင်္ဂလန်ရဲ့ ယူရိုမှာ ခံစစ်ပိုင်းထူးချွန်ပြောင်မြောက်မှုမှာ အဓိကကစးသမားအဖြစ် ပါဝင်နေခဲ့သူဖြစ်ပါတယ်။ အင်္ဂလန်ဟာ ယူရိုမှာ ပေးဂိုးတစ်ဂိုးတည်းသာရှိနေပြီး အဆိုပါပေးဂိုးကလည်း ဒိန်းမတ်နဲ့ပွဲမှာ အလွတ်တည်ကန်ဘောကနေသာ ပေးထားခဲ့ရတာဖြစ်ပါတယ်။ မက်ဂွိုင်းယားရဲ့ ခြေစွမ်းဟာ အသိအမှတ်ပြုရမယ့်အဆင့်မှာရှိတယ်လို့ လယ်လာနာက ဆိုခဲ့ပြီး ကမ္ဘာ့ထိပ်တန်းနောက်ခံလူအဖြစ်ကို ရောက်ရှိနေပြီလို့လည်း ဖွင့့်ဟသွားခဲ့ပါတယ်။ 

"သူ့အပေါ် ကျွန်တော့်ရဲ့ထင်မြင်ချက်တွေက လွဲချော်ခဲ့ပါတယ်၊ ဒါကို ကျွန်တော်ထုတ်ပြောရမှာလည်း မရှက်ပါဘူး၊ သူက ကစားသမားကောင်းတစ်ယောက်ဆိုတာကို ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ဒီပြိုင်ပွဲမှာ သူက ကျွန်တော့်ကို ဘယ်လိုကစားသမားလဲဆိုတာ ပြသခဲ့ပြီး မျှော်လင့်ချက်တွေပေးနိုင်ခဲ့ပါတယ်၊ သူက နောက်တဆင့်ကိုတက်ရောက်နေပြီဖြစ်ပြီး ကမ္ဘာ့အဆင့်ကစားသမားဆိုတာကိုပါ ပြသနေတာပါ"

"သူ ရောက်ရှိနေတဲ့ ခြေစွမ်းအဆင့်အတန်းနဲ့ ကျွန်တော့်ယူဆချက်တွေကို လွင့်စင်စေခဲ့ပါတယ်၊ သူက ပွဲအနေအထားကို ကောင်းကောင်းအကဲခတ်တတ်ပြီး ဘောလုံးရယူဖို့အတွက် ပြိုင်ဘက်ကစားသမားရှေ့ကို အရှိန်အဟုန်နဲ့ ပြေးဝင်သွားတာမျိုးကို စောင့်ကြည့်နေရတာ ကျွန်တော်ပျော်နေပါပြီ၊ သူ ဘယ်ကရောက်လာလဲဆိုတာကို ပြိုင်ဘက်တိုက်စစ်မှူးတွေ အံ့အားသင့်ပြီးတော့ ကျန်နေခဲ့ကြတာပါ"

"သူ့ကစားပုံက တကယ်ရဲရင့်ပြီး အရည်အသွေးလည်းမြင့်မားပါတယ်၊ သူက ကြီးကျယ်တဲ့ကစားသမားတစ်ဦးပါ" လို့ လယ်လာနာက ပြောဆိုခဲ့ပါတယ်။ အင်္ဂလန်ကတော့ ယူရိုဗိုလ်လုပွဲအဖြစ် အီတလီနဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ကစားရမှာလည်းဖြစ်ပါတယ်။ 



က္က