အသင်းဖော်ဟောင်းကို ဂုဏ်ပြုစကားဆိုခဲ့တာပါ။

နေမာဟာ လေးနှစ်ကြာတွဲဖက်ကစားဖူးတဲ့ မက်ဆီကို ဂုဏ်ပြုစကားသွားရောက်ပြောဆိုခဲ့ပြီး မက်ဆီက ပြန်လည်နှစ်သိမ့်ပေးမှုတွေပြုလုပ်ခဲ့ကာ သူတို့နှစ်ဦးရဲ့ပွေ့ဖက်နှုတ်ဆက်နေမှုက ဘောလုံးလောကရဲ့ အလှတရားတစ်ခုကို ပြသခဲ့သလိုဖြစ်ခဲ့ပါတယ်။


အာဂျင်တီးနား နဲ့ ဘရာဇီးလ်တို့ရဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲအပြီးမှာတော့ ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ ဘာစီလိုနာအသင်းဖော်ဟောင်းမက်ဆီကို သွားရောက်ကာ ဂုဏ်ပြုခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာ နေမာက ဘရာဇီးလ်အတွက် အစွမ်းကုန်အားထုတ်ကြိုးစားခဲ့ပြီး ဂိုးသွင်းပေးနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အာဂျင်တီးနားခံစစ်ပိုင်းက ခပ်ကြမ်းကြမ်းတုံ့ပြန်ပြီး ထိန်းချုပ်ခဲ့ကာ ဘရာဇီးလ်ကို ရှုံးပွဲကြုံစေခဲ့ပါတယ်။

မိနစ် ၉၀ အတွင်း နေမာက နိုင်လိုစိတ်ပြင်းပြတဲ့ကစားဟန်ကို ပြသခဲ့ပြီး အာဂျင်တီးနားကစားသမားတွေနဲ့လည်း မကြာခဏပြသနာတက်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာတော့ နေမာဟာ လေးနှစ်ကြာတွဲဖက်ကစားဖူးတဲ့ မက်ဆီကို ဂုဏ်ပြုစကားသွားရောက်ပြောဆိုခဲ့ပြီး မက်ဆီက ပြန်လည်နှစ်သိမ့်ပေးမှုတွေပြုလုပ်ခဲ့ကာ သူတို့နှစ်ဦးရဲ့ပွေ့ဖက်နှုတ်ဆက်နေမှုက ဘောလုံးလောကရဲ့ အလှတရားတစ်ခုကို ပြသခဲ့သလိုဖြစ်ခဲ့ပါတယ်။

ဒီလောက်နဲ့တင်မဟုတ်သေးဘဲ ဆုပေးပွဲအခမ်းအနားအပြီးမှာလည်း ဥမင်လှိုဏ်ခေါင်းထဲ သူတို့နှစ်ဦးအတူတူထိုင်ပြီး ရယ်မောပျော်ရွှင်ကာ စကားပြောဆိုနေတာကလည်း ကြည်နူးဖွယ်ရာအဖြစ် ပရိသတ်တွေမြင်တွေ့ခဲ့ကြရပါတယ်။ ဒီပွဲစဉ်မတိုင်ခင်မှာ အာဂျင်တီးနားနဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်ချင်တယ်လို့ နေမာက ပြောဆိုခဲ့သလို မက်ဆီကို ဆုဖလားရစေချင်လို့ အာဂျင်တီးနားကိုအားပေးမယ်ပြောခဲ့တဲ့ ဘရာဇီးလ်ပရိသတ်တွေကို ဝေဖန်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ပြိုင်ပွဲကသက်သက်၊ ကစားသမားချင်းလေးစားမှု၊ ချစ်ခင်မှုနဲ့ သံယောဇဉ်က သက်သက်ဆိုတာကို နေမာက ပြသခဲ့ပါတယ်။ နေမာဟာ အသင်းရှုံးနိမ့်ပြီးနောက် ကွင်းအတွင်းမှာ ဝမ်းနည်းစွာနဲ့ ငိုကြွေးနေခဲ့ပါတယ်။ သူ့အတွက်လည်း ဘရာဇီးလ်နဲ့အတူ ပထမဆုံးဆုဖလားကို ရယူနိုင်မယ့် အခွင့်အရေးဖြစ်ခဲ့ပေမယ့် လက်လွှတ်ခဲ့ရလို့ ဝမ်းနည်းကြေကွဲခဲ့ရတာဖြစ်ပါတယ်။ 

ဒီလိုအခြေအနေတွေကြားမှာမှ နေမာဟာ သူ့ရဲ့ရင့်ကျက်လာမှုကိုလည်း ပြသခဲ့ပြီး သူနဲ့ခင်မင်ရင်းနှီးတဲ့ မက်ဆီအတွက် မုဒိတာပွားခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေက ယူဆပြီး နေမာကို ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် နေမာနဲ့ မက်ဆီကို အခုလိုမျိုးမြင်တွေ့ရပြီးနောက် ကွင်းအတွင်းယှဉ်ပြိုင်မှု နဲ့ တစ်ဦးအပေါ်တစ်ဦးလေးစားမှု၊ ချစ်ခင်မှုက သက်သက်ဖြစ်တယ်ဆိုတာကိုလည်း ပြသခဲ့ကြတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ 



က္က