ချီလီနီကို အနီကတ်မပြခဲ့လို့ တောင်းဆိုနေကြတာပါ။

အဆိုပါပွဲရဲ့ နာကျင်အချိန်ပိုမှာ အင်္ဂလန်တောင်ပံကစားသမားဆာကာကို အီတလီနောက်ခံလူချီလီနီက သိသိသာသာဆွဲလှဲခဲ့တဲ့ ဖြစ်ရပ်ကို အင်္ဂလန်ပရိသတ်တွေက ထောက်ပြခဲ့ပါတယ်။


အင်္ဂလန်အသင်းပရိသတ်တွေဟာ ယူရိုဗိုလ်လုပွဲမှာ သူတို့အသင်းနစ်နာမှုတွေရှိခဲ့တယ်လို့ဆိုပြီး ပြန်ကန်ပေးဖို့အတွက် လက်မှတ်ထိုးတောင်းဆိုမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။ Sportbible ရဲ့ ဖော်ပြချက်အရ ပရိသတ်တွေဟာ စုပေါင်းလက်မှတ်ရေးထိုးကာ ကွင်းလယ်ဒိုင်လူကြီးဟာ ဘက်လိုက်ဆုံးဖြတ်မှုတွေရှိခဲ့တယ်လို့ ရေးသားခဲ့ကာ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါပွဲရဲ့ နာကျင်အချိန်ပိုမှာ အင်္ဂလန်တောင်ပံကစားသမားဆာကာကို အီတလီနောက်ခံလူချီလီနီက သိသိသာသာဆွဲလှဲခဲ့တဲ့ ဖြစ်ရပ်ကို အင်္ဂလန်ပရိသတ်တွေက ထောက်ပြခဲ့ပါတယ်။ ချီလီနီဟာ ဘောလုံးရယူဖို့အတွက် လူကာခဲ့ပေမယ့် ဆာကာက ရအောင်ရုန်းထွက်နိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုရှိခဲ့ချိန်မှာ လိုက်မမီတော့တဲ့ ချီလီနီက နောက်ကနေလှမ်းဆွဲထားခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါအဖြစ်အပျက်ဟာ ရှင်းရှင်းလင်းလင်းဖြစ်ပွားခဲ့တာဖြစ်ပေမယ့် ကွင်းလယ်ဒိုင်ကတော့ အဝါကတ်ပြားသာပြသခဲ့တာဖြစ်ပါတယ်။ ဆာကာအနေနဲ့ ဘောလုံးနဲ့အတူဆွဲပြေးသွားခဲ့ပါက အခြေအနေပြောင်းလဲသွားနိုင်တဲ့ အနေအထားမှာရှိတာကြောင့် ချီလီနီကို အနီကတ်ပြသင့်တယ်လို့ အင်္ဂလန်ပရိသတ်တွေက ယုံကြည်နေပါတယ်။ သူသာအနီကတ်ထိခဲ့မယ်ဆိိုရင် အချိန်ပိုမှာလည်း အင်္ဂလန်က တစ်ယောက်အသာနဲ့ ကစားရမှာဖြစ်လို့ ပွဲရလဒ်ပြောင်းလဲသွားဖွယ်ရှိတယ်လို့လည်း ယူဆနေကြပါတယ်။ 

"အခြေအနေအားလုံးက အီတလီကိုပဲ အသာစီးရရှိစေခဲ့ပါတယ်၊ သေချာပေါက်အနီကတ်ပြသခံခဲ့ရမှာဖြစ်ပြီး ဒီပွဲကို ဘက်လိုက်မှုမရှိတဲ့ ကွင်းလယ်ဒိုင်နဲ့ ပြန်ကစားပေးသင့်ပါတယ်၊ လုံးဝတရားမျှတမှုမရှိပါဘူး" လို့ တောင်းဆိုချက်ထဲမှာ ပါဝင်ခဲ့ကြောင်းလည်း သိရပါတယ်။ အဆိုပါပွဲကတော့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အီတလီက အနိုင်ရရှိပြီး ယူရိုဖလားကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

လက်မှတ်ထိုးပါဝင်မှုဟာ လူပေါင်းတစ်သိန်းကျော်အထိရှိနေပြီလို့လည်း သိရပါတယ်။ ဒါပေမယ့် ဒိန်းမတ်နဲ့ အင်္ဂလန်တို့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲတုန်းကလည်း စတာလင်ကြောင့် အင်္ဂလန်ပင်နယ်တီမရခင်မှာ ကွင်းအတွင်းဘောလုံးနှစ်လုံးအထိ ရှိနေခဲ့မှုနဲ့ပတ်သက်ပြီး စောဒကတက်ကာ ပြန်လည်ကစားပေးဖို့ တောင်းဆိုမှုတွေရှိခဲ့ပေမယ့်လည်း အောင်မြင်ခဲ့ခြင်းမရှိသလို အခု အင်္ဂလန်ပရိသတ်တွေရဲ့ တောင်းဆိုမှုကလည်း အောင်မြင်မှာမဟုတ်ဘူးလို့ သုံးသပ်နေကြပါတယ်။ 




က္က