ဘတ်ပီကို ရီးရဲလ်မပြောင်းဖို့ အကြံပေးလိုက်တာပါ။

ပီအက်စ်ဂျီအသင်းကစားသမား ဆာဂျီယိုရာမို့စ်က အသင်းဟောင်းရီးရဲလ်မက်ဒရစ်ဆီ မပြောင်းရွှေ့ဖို့အတွက် အသင်းဖော်သစ်ဘတ်ပီကို အကြံပေးထားတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရာမို့်စ်ကတော့ ရီးရဲလ်မှာ ၁၅ နှစ်ကြာကစားပေးခဲ့ပြီး လာမယ့်ရာသီအတွက် ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့သူဖြစ်ပါတယ်။

ရာမို့စ်ဟာ ပီအက်ဂျီမှာ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ နေမာ၊ ဘတ်ပီ၊ ဒီမာရီယာ၊ ဗာရက်တီ၊ မာကွင်ဟို့စ်တို့နဲ့ တွဲဖက်ကစားရတော့မှာဖြစ်ပါတယ်။ အကောင်းဆုံးကစားသမားတွေနဲ့ တွဲဖက်ကစားချင်တဲ့ ဆန္ဒရှိတယ်လို့ ပြောကြားခဲ့တဲ့ ရာမို့စ်က ဘတ်ပီကို အသင်းဖော်တစ်ဦးအနေနဲ့သာ အကြံပေးခဲ့တာဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရတော့ သူ့ဘက်ကပြောဆိုမှာမဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်။ 

"မက်ဒရစ်ကိုမပြောင်းဖို့ ကျွန်တော်အကြံပေးခဲ့ပါတယ်၊ သူ့ကို ပုဂ္ဂိုလ်ရေးအရ ကျွန်တော်အကြံပေးတာမျိုးမဟုတ်ပါဘူး၊ ဒါက ပီအက်စ်ဂျီအသင်းသားတစ်ဦး၊ အသင်းဖော်အနေနဲ့ ပြောတာမျိုးပါ၊ သူက အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး နေမာလိုကစားသမားမျိုးပါ၊ ကျွန်တော်တို့သုံးဦးသာဆိုရင် ကြီးကျယ်ခမ်းနားတာတွေကို လုပ်ပြနိုင်မှာပါ၊ သူ ဒီမှာ ဆက်ရှိနေဖို့ ကျွန်တော်လိုလားပါတယ်" 

"ကျွန်တော်တွဲဖက်ကစားချင်တဲ့ အကောင်းဆုံးတွေထဲမှာ သူလည်းပါပါတယ်" လို့ ရာမို့စ်က ပြောဆိုခဲ့ကြောင်း AS က ဖော်ပြခဲ့ပါတယ်။ ရာမို့စ်အနေနဲ့ အသင်းဟောင်းရီးရဲလ်မှာ စာချုပ်သစ်ကိစ္စအဆင်မပြေမှုတွေဖြစ်ပွားခဲ့ပြီးနောက် အသင်းပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။ ရီးရဲလ်က ၁နှစ်စာချုပ်သာကမ်းလှမ်းတာကို ငြင်းဆန်ပြီးမှ ပြန်လည်လက်ခံချိန်မှာ ရီးရဲလ်က သူ့ကို ပြန်ပြီးတော့ ငြင်းဆန်ခဲ့တာလည်းဖြစ်ပါတယ်။ 



က္က