ဒီနေ့မှာပဲ ပုံမှန်ဆေးစစ်မှုတွေကို ပြုလုပ်သွားဖို့ရှိနေပါတယ်။

ရော်နယ်ဒိုဟာ အသင်းနဲ့ပြန်လည်ပူးပေါင်းတော့မှာဖြစ်ပြီး ဒီနေ့မှာပဲ ပုံမှန်ဆေးစစ်မှုတွေကို ပြုလုပ်သွားဖို့ရှိနေတယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 


စပိန်ကို အပန်းဖြေခရီးထွက်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ တူရင်ကို ပြန်လည်ရောက်ရှိခဲ့ပြီလို့ သိရပါတယ်။ ရာသီကြိုပြင်ဆင်မှုတွေအတွက် ရော်နယ်ဒိုဟာ အသင်းနဲ့ပြန်လည်ပူးပေါင်းတော့မှာဖြစ်ပြီး ဒီနေ့မှာပဲ ပုံမှန်ဆေးစစ်မှုတွေကို ပြုလုပ်သွားဖို့ရှိနေတယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် မိသားစုနဲ့အတူ အပန်းဖြေခရီးထွက်ခဲ့တာဖြစ်ပါတယ်။ ဂျူဗီနဲ့အနာဂတ်သတင်းတွေ မတည်မငြိမ်ဖြစ်နေပေမယ့်လည်း အသင်းနဲ့ပြန်လည်ပူးပေါင်းဖို့ ရောက်ရှိခဲ့တာကြောင့် လာမယ့်ရာသီမှာလည်း သူ စီးရီးအေမှာ ဆက်လက်ကစားမယ်ဆိုတာက သေချာသလောက်ရှိလာခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် စာချုပ်သစ်အတွက်တော့ သဘောတူညီမှုမရရှိသေးတာဖြစ်ပါတယ်။ လာမယ့်ရာသီပြီးဆုံးပါက သူ့ရဲ့အသက်ဟာ ၃၇ နှစ်အရွယ်ရှိနေမှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဂျူဗီဘက်က စဉ်းစားနေဖွယ်ရှိကာ ပြန်လည်ရောင်းချမလား၊ အလွတ်ထွက်ခွာခွင့်ပေးမလားဆိုတာကို ဆုံးဖြတ်ချက်ချရမှာလည်းဖြစ်ပါတယ်။

ဂျူဗီအတွက် ၃ ရာသီအတွင်း ၁၃၃ ပွဲအထိ ကစားပေးကာ ၁၀၁ ဂိုးသွင်းပြီး ၂၂ ကြိမ်ဖန်တီးပေးခဲ့တဲ့ ရော်နယ်ဒိုကို ပီအက်စ်ဂျီအသင်းကလည်း အလိုရှိနေပါတယ်။ လက်ရှိအချိန်ထိ ထိပ်တန်းအဆင့်မှာကစားနေနိုင်ဆဲဖြစ်ပြီး ခြေစွမ်းပြနေတဲ့ ကစားသမားဖြစ်တာကြောင့် ဂျူဗင်တပ်စ်အနေနဲ့ စားရမှာလည်းသဲတရှပ်ရှပ်၊ ပစ်ရမှာာလည်း ဆီတဝင်းဝင်းဆိုသလိုဖြစ်နေပြီး အကျပ်ရိုက်နေပုံရတယ်လို့လည်း ယူဆရပါတယ်။



က္က